ICJ ကြားဖြတ်ဆုံးဖြတ်ချက်ချရင် ဘာတွေဖြစ်လာနိုင်သလဲ

2020-01-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိနေလို့ ဒါကိုအရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ တောင်းဆိုထားတဲ့အမှုကို  မနက်ဖြန် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အမိန့်ချမှတ်တော့မှာပါ။

ဂမ်ဘီယာဘက်က တောင်းဆိုထားတာက Provisional measures လို့ခေါ်တဲ့  လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တာတွေကို အရေးပေါ်ရပ်တန့်ဖို့  ကြားဖြတ်စီမံချက်အမိန့်ကို ထုတ်ပြန်ပေးရေးဖြစ်ပါတယ်။

ဒီတောင်းဆိုချက်ကို ICJ တရားရုံးက လက်ခံ မခံ ဆိုတာကို မနက်ဖြန် အမိန့်ချမှာပါ။

ဒီအမှုကို စပြီး ကြားနာခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ် Abubacarr Tambadou  အဘူဘေကာ တမ်ဘာဒူက....

"လူမျိုးတုံးသတ်ဖြတ်မှုလို့ ယူဆနိုင်တဲ့အရာအားလုံးကို မြန်မာအစိုးရက ရပ်တန့်ပေးဖို့၊ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နောက်ထပ်ဂျီနိုဆိုက် ထပ်မကျူးလွန်ဖို့ သက်သေခံတွေကို လေ့လာလို့မရအောင် မဖျက်စီးဖို့၊ တရားစွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံကို မြန်မာဘက်က လက်တုံ့မပြန်ဖို့၊ ကြားဖြတ်စီမံချက်ချမှတ်ခဲ့ရင် ချမှတ်ပြီး လေးလအတွင်းမှာ အစီရင်ခံစာတွေတင်ပြဖို့၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှစ်အဖွဲ့ FFM  အပါအဝင် တခြားကုလအဖွဲ့တွေအားလုံးရဲ့ စစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့
" ...စတာတွေကို တောင်းဆိုခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ တရားရုံးမှာ အမှုစတင်ကြားနာတဲ့နေ့မှာ မြန်မာနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က  မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ဒါ့အပြင် အမှုကို လုံးဝပယ်ဖျက်ပေးဖို့၊ မပယ်ဖျက်ရင်လည်း ဂမ်ဘီယာဘက်ကေ တာင်းဆိုသလို ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ရေး အမိန့်မချဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

တကယ်လို့ ဂမ်ဘီယာနိုင်ငံကတောင်းဆိုတဲ့အတိုင်း ကြားဖြတ်စီမံချက်အမိန့်ကို ချမှတ်လိုက်ရင် မြန်မာနိုင်ငံအတွက် ဘာတွေဖြစ်လာနိုင်ပါသလဲ။ ရှေ့နေဦးမင်းလွင်ဦးက အခုလိုရှင်းပြပါတယ်။

"မြန်မာအစိုးရဘက်ကတော့ အခင်းဖြစ်ပွားတဲ့နေရာတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတာမရှိဘူးဆိုတာတွေသက်သေပြနိုင်ဖို့အတွက် နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိတာပေါ့နော်။နောက်ပြီးတော့ ရွာတွေမီးရှို့တယ်၊ အိမ်တွေမီးရှို့တယ်။ ဒီကိစ္စတွေကလည်း သူတို့(ARSA) ရှို့တာလည်း ဖြစ်နိုင်တယ်၊ကိုယ့်ဘက်ကသူတွေ (မြန်မာ) ရှို့တာလည်း ဖြစ်နိုင်တယ်။အဲ့ဒါတွေ စုံစမ်းမေးမြန်းတဲ့အခါ ပူးပေါင်းဆောင်ရွက်ဖို့အထိ ဖြစ်လာနိုင်တယ်။ အဆိုးဆုံးကို မှန်းရင်တော့ အဲ့ဒီလောက်ထိ ဖြစ်လာနိုင်တာပေါ့။ အချက်အလက်တွေ စုဆောင်းပြီးတဲ့အခါမှသာ ကျနော်တို့ ဒီတရားရုံးမှာ အမှုစွဲတင်တဲ့အခါမှာ သက်သေခံအဖြစ် တင်သွင်းမယ်။ စစ်ဆေးစီရင်မယ်၊ အဲ့ဒါတွေကတော့ ကြာဦးမယ့်ကာလတွေဖြတ်သန်းရဦးမှာပေါ့ဗျာ"


ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံဘက်က တရားစွဲဆိုတဲ့အခါမှာ ကုလသမဂ္ဂအချက်အလက်ရှာဖွရေး မစ်ရှစ်အဖွဲ့ FFM ရဲ့ လေ့လာတွေ့ရှိချက်တွေကို အများဆုံးတင်ပြထားတာပါ။

ဒီ FFM အဖွဲ့ကိုတော့ မြန်မာအစိုးရဘက်က လက်မခံထားပါဘူး။ ဒီလို ကြားဖြတ်စီမံချက်အမိန့်ချမှတ်လိုက်ရင် FFM ရဲ့ တွေ့ရှိချက်တွေကို တရားရုံးက လက်ခံလိုက်ရာရောက်သွားပြီးတော့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တရားရုံးမှာ မြန်မာနိုင်ငံကို နောက်ထပ်စွဲဆိုထားတဲ့ အမှုအတွက်ပါ ဒီအချက်အလက်တွေက အကျုံးဝင်သွားနိုင်တယ်လို့ရှေ့နေ ဦးမင်းလွင်ဦးက ဆက်ရှင်းပြပါတယ်။

"တကယ်တော့ ICJ မှာ တရားစွဲလို့ နိုင်တယ် မနိုင်ဘူးဆိုတာကို သူတို့က အဓိကတားတာမဟုတ်ဘူးဗျာ့။ ကျနော်တို့ ICJ မှာ FFM ရဲ့အစီရင်ခံစာကိုလက်ခံလိုက်ပြီ။ အဲ့ဒီအပေါ်မှာစစ်ဆေးကြားနာမှုတွေ ဖြစ်လာပြီဆိုရင် ICC မှာ ဒီစာရွက်စာတမ်းအထောက်အထားကိုယူပြီးတော့ တပ်မတော်ခေါင်းဆောင်တွေကို အမှုဖွင့်ဖို့ဖြစ်လာနိုင်တယ်။ ဥပမာ... Rome Statue ထုတ်ထားတဲ့နိုင်ငံတွေရောက်လာလို့ရှိရင် ဖမ်းဝရမ်းထုတ်တာ၊ လျှောက်တဲ့ကိစ္စရပ်မျိုးတွေ ဖြစ်လာနိုင်တယ်"


ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အမိန့်ကို နားထောင်ဖို့အတွက်  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရောက်ရှိနေပါပြီ။

ICJ တရားရုံးက အမိန့်ချမှတ်လိုက်ရင် ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးကျော်တင့်ဆွေက အစိုးရရုပ်သံရဲ့  ICJ စကားဝိုင်းမှာ ဒီခရီးစဉ်မတိုင်ခင်ကပဲ အခုလို ပြောခဲ့ပါတယ်။

"ဥပဒေကြောင်းအရပြောရရင် ကျနော်တို့ရှေ့နေတွေက သူတို့တင်ပြချက်တွေကို အမြစ်ကနေလှဲပြီးတော့ ဒီကိစ္စကိုပယ်ချနိုင်တဲ့အဆင့်ထိ လုပ်ထားသော်လည်း ဒီကိစ္စကိုလုပ်နေကိုင်နေတာက ဟိုဘက်က တရားရေးသက်သက် ဥပဒေကြောင်းသက်သက်အနေနဲ့ လုပ်နေတာ မဟုတ်ပါဘူး။ သူတို့က နိုင်ငံရေးဖိအားအနေနဲ့ပေးနေတယ်။ သူတို့ဘက်ကကြည့်ရင်တော့ Provisional measures ချနိုင်လိမ့်မယ်လို့ သူတို့ယူဆကောင်းယူဆနေမှာပေါ့။ အဲ့လိုချရင်လည်း Provisional measures ဘယ်လိုဟာမျိုးချလဲဆိုတာအပေါ် မူတည်ပြီးကြည့်ရမှာပေါ့။ အဲ့တော့ ကျနော်တို့  Merid Case ရောက်လာပြီဆိုရင်တော့ ဂျီနိုဆိုက်လုံးဝ ဖြစ်ပေါ်ခြင်းမရှိတဲ့အတွက် အမှန်တရားပေါ်မှာပဲ ကျနော်တို့နိုင်မှာပဲ"

တကယ်လို့ ကြားဖြတ်စီမံချက်အမိန့်ကို လက်ခံချမှတ်ခဲ့တယ်ဆိုရင်တော့ ဒီအမှုဟာ ကုလလုံခြုံရေးကောင်စီထိရောက်လာနိုင်ပြီးတော့ ကုလလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်တာမျိုးတွေလည်း ဖြစ်လာနိုင်တယ်လို့ အမေရိကန်အခြေစိုက် လူမျိုးတုံးသတ်ဖြတ်မှု စောင့်ကြည့်ရေးအဖွဲ့ကို တည်ထောင်သူ ဂရေဂရီ စတန်တန် Gregory Stanton က ပြောပါတယ်။

"ဒီ Provisional measures  အမိန့်ကိုမလိုက်နာရင် ဒီအမှုကို ကုလလုံခြုံရေးကောင်စီက လွဲယူပြီး ကိုယ်တွယ်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ကုလသမဂ္ဂရဲ့ဖွဲ့စည်းပုံ အခန်း (၇)မှာပါတဲ့ ပြဌာန်းချက်အရ လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်ခွင့်ရှိပါတယ်။ ဥပမာ... မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာတွေကို ချက်ချင်းပြန်ခေါ်ဖို့၊ သူတို့မူရင်းဒေသမှာ ပြန်နေခွင့်ပေးဖို့နဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ ပိုင်ဆိုင်မှုတွေအတွက် လျော်ကြေးပေးဖို့ စတဲ့အမိန့်ချတာမျိုးလုပ်လာနိုင်ပါတယ်။ ဒီထက်ပိုပြီး မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်လိုမျိုး ဒုက္ခသည်တွေကို လက်ခံပေးထားရတဲ့နိုင်ငံတွေကို လျော်ကြေးပေးခိုင်းတာမျိုးအထိ လုပ်လာနိုင်ပါတယ်။ ဒီဒုက္ခသည်တွေကို လက်ခံထားရတဲ့ ကုန်ကျစားရိတ်က ဒေါ်လာ ဘီလျံနဲ့ချီ ရှိနိုင်ပါတယ်"


ဒါကတော့ မြန်မာနိုင်ငံအပေါ် ICJ တရားရုံးက စီမံချက်ချခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာတွေကို သုံးသပ်ခဲ့ကြတာပါ။ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဒီအမိန့်ချမှတ်မှုနဲ့ ပတ်သက်ပြီး  RFA ကနေ ပြည့်ပြည့်စုံစုံကို တင်ဆက်ပေးသွားမှာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့