၂၀၂၀ ရွေးကောက်ပွဲ ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ ကျင်းပပေးဖို့ တောင်းဆို

2019-08-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆောက်အဦး အဝင်ဝကို တွေ့ရစဉ်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆောက်အဦး အဝင်ဝကို တွေ့ရစဉ်
Photo: RFA

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မငြိမ်းချမ်းသေးတဲ့ ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့ စဉ်းစားစေချင်တယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား ပါတီတချို့က တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၈၄ ခုတို့က ဒီကနေ့ နေပြည်တော်က တွေ့ဆုံဆွေးနွေးတဲ့အခါမှာ မငြိမ်းချမ်းသေးဘဲ တိုက်ပွဲတွေမကြာခဏဖြစ်နေတဲ့ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပစေချင်တဲ့အကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးစိုင်းအောင်မြင့်ခိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ နယ်မြေမတည်ငြိမ်တာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်းရှုး၊ ကျေးသီး၊ ဟိုပန်နဲ့ တန့်ယန်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။

အဲဒီလိုပဲ ရခိုင်အမျိုးသားပါတီ ANP ကလည်း အခုချိန်မှာ မငြိမ်သက်သေးတဲ့ ရခိုင်ပြည်နယ်မှာ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဆွေးနွေးတာနဲ့ပတ်သက်ပြီး ဦးအောင်ကျော်ဇံက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကလည်း တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရည်ရွယ်ထားပေမယ့် အချိန်ကာလလိုသေးတယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက မဲစာရင်း မမှန်ခဲ့တာတွေ၊ မြို့နယ်ကော်မရှင်ဝင်တွေကို ခန့်အပ်တာနဲ့ပတ်သက်ပြီး စစ်ဆေးပေးဖို့အပါအဝင် ကိုယ့်နယ်မြေမှာ ဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ကျင်းပတဲ့ ဆွေးနွေးပွဲဟာလည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့ အားလုံးနဲ့အတူ သက်ဆိုင်ရာ ကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးတဲ့အကြောင်း၊ မဲစာရင်းတွေကိုလည်း အရင်ရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲ စာရင်းတွေကို အခြေခံပြီး ကောက်ယူနေတဲ့အကြောင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က RFA ကို ပြောပါတယ်။

၂၀၂၀ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဟန်ပြမလုပ်ဘဲ စံပြဖြစ်အောင် လုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်စကားမှာ ပြောခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံပွဲဟာ ကော်မရှင်သက်တမ်း ၃ နှစ်တာ ကာလအတွင်းမှာ ၄ ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး နိုင်ငံရေးပါတီ ၈၄ ခု တက်ရောက်ခဲ့ပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့