ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေနတ်ကျည်ထိမှန်ခဲ့လို့ ရန်ကုန် မြောက်ဥက္ကလာပဆေးရုံမှာ ဆေးကုသရင်း မေလ ၁၄ ရက်နေ့က သေဆုံးသွားတဲ့ ကျောက်တန်းရွာသား ကိုအောင်လင်းကျော်ကို ဒီနေ့ ရသေ့တောင်မြို့မှာ သြင်္ဂိုဟ်မယ်လို့ သေဆုံးသူရဲ့ ညီဖြစ်သူ ကိုမင်းဇော်က RFA ကိုပြောပါတယ်။
ကိုအောင်လင်းကျော်ရဲ့ရုပ်အလောင်းကို မနေ့က ရန်ကုန်ကနေ ရသေ့တောင်မြို့နယ်ကို သယ်ယူလာတာဖြစ် ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကျောက်တန်းကျေးရွာမှာရှိတဲ့ လူ ၂၇၅ ဦးကို တပ်မတော်က ကျေးရွာစာသင်ကျောင်းမှာ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီးနောက် မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ လူ ၆ ဦး ပွဲချင်းပြီးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရသူ ၈ ဦးစလုံးဟာ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပြီး အဲဒီအထဲက ကိုအောင်လင်းကျော်ဟာ အခြေအနေတိုးတက်မှုမရှိတာကြောင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံးကြီးကို ပြောင်းရွှေ့ပြီး ကုသမှုခံယူခဲ့ရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
ကျောက်တန်းကျေးရွာဖြစ်စဉ်မှာ ထိန်းသိမ်းခံနေရသူတွေဟာ ညာသံပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်ဖို့ ကြိုးစားလာတာကြောင့် မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်းခဲ့ရတာကြောင့် ထိခိုက်သေဆုံးခဲ့ရတာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကတော့ တပ်မတော်ကထုတ်ပြန်ချက်ဟာ အဖြစ်မှန်နဲ့ကွဲလွဲနေကြောင်း ပြောဆိုထားကြပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့နဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
ကျောက်တန်းကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ကပင် နေရာယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ မနေ့ညက ပြန်လည်ထွက်ခွာသွားကြပြီလို့ ဒေသခံတွေကပြောပါတယ်။