ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း လွှတ်တော်ကိုတင်မည်

2019-08-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို  ၂၀၁၉၊ သြဂုတ် ၁၉ ရက်နေ့က ကျင်းပစဉ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို ၂၀၁၉၊ သြဂုတ် ၁၉ ရက်နေ့က ကျင်းပစဉ်
Photo: Pyidaungsu Hluttaw

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်နဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြမယ်လို့ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောလိုက်ပါတယ်။

အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် တင်သွင်းတဲ့အဆိုအရ ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီရဲ့ အစည်းအဝေးမှာ အဲဒီကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောကြားတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ အရ ပြင်ဆင်လိုသူ ကိုယ်စားလှယ်ဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်နဲ့ ပြင်ဆင်လိုတဲ့ ပုဒ်မတွေကို ဥပဒေကြမ်းအဖြစ် တင်သွင်းရမယ်လို့ ပြဌာန်းထားတာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းကတော့ ရေးဆွဲမယ့် ဥပဒေကြမ်းဟာ ၂၀၂၀ နဲ့မပြီးနိုင်ဘူးလို့ထင်တဲ့အကြောင်း ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ၊ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကတော့ ဖွဲ့စည်းပုံကိစ္စအငြင်းပွားရင် အချိန်ကုန်မှာစိုးရိမ်တယ်လို့ ပြောပါတယ်။

အဲဒီပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက် တင်သွင်းထားပြီး ဥပဒေကြမ်းတစ်ရပ်ကို မကြာခင် စတင်ရေးဆွဲတော့မှာဖြစ်ပေမယ့် ဘယ်အချိန်မှာ ပြီးစီးမယ် မခန့်မှန်းနိုင်သေးဘူးလို့ ဦးထွန်းထွန်းဟိန်က မကြာသေးခင်က ပြောထားတာရှိပါတယ်။

ဥပဒေမှုကြမ်းကို ရေးဆွဲဖို့ ဆောင်ရွက်ရာမှာလည်း ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားလှယ်၊ တရားစီရင်ရေးကဏ္ဍက ကိုယ်စားလှယ်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော် ဥက္ကဋ္ဌတွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေနဲ့ ထပ်မံဆွေးနွေးပြီး အဲဒီပေါ် အခြေခံပြီး ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းတစ်ရပ် ပြုစုမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်ချင်တယ်လို့ တင်ပြထားတာရှိတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့