ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲ မန္တလေးမှာပြုလုပ်

2019-07-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲကို မန္တလေးမြို့မှာ ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်
၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲကို မန္တလေးမြို့မှာ ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: Khaymani Win/RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို မန္တလေးမြို့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းက ဦးဆောင်ပြီး ဒီကနေ့နေ့လယ်ပိုင်းက ပြုလုပ်ပါတယ်။

လူဦးရေ ထောင်ချီ ပါဝင်တဲ့ ဒီဆန္ဒထုတ်ဖော်ပွဲကို ကျောက်ဝိုင်းတည်ရှိရာ ၈၇ လမ်း၊ ၃၉ လမ်းနဲ့ လမ်း ၄၀ ကနေ ၃၈ လမ်း၊ ၇၃ လမ်းအထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး အဲဒီနေရာကနေ မနော်ရမ္မံကွင်း အထိကိုတော့ ကားနဲ့ ဆက်လက်ချီတက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကနေ ဖွဲ့စည်းပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ပြင်ဆင်ချက်ပေါင်း သုံးထောင်ကျော်ကို ပြည်ထောင်စု လွှတ်တော်ထံ အစီရင်ခံတင်ပြထားပြီးဖြစ်ပါတယ်။

ပြည်သူတွေရဲ့အသံကို သက်ဆိုင်သူအားလုံး သိစေချင်တာပါလို့ ကျောက်ဝိုင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။

"၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ အမေစု ဦးဆောင်တဲ့ပါတီက ၄၅ ဦးပူးပေါင်းကော်မတီရဲ့ အခြေခံ ဥပဒေရဲ့ ပြင်ဆင်တဲ့အချက် အစီရင်ခံစာ တင်သွင်းတာကို ထောက်ခံတဲ့ပွဲပါ"

ဆန္ဒထုတ်ဖော်ပွဲကို ပါဝင်ခဲ့တဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးဖြစ်တဲ့  ဦးကျော်ဇောအောင်ကလည်း အခုလို ပြောပါတယ်။

"နိုင်ငံတော်ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ခေါင်းဆောင်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေ တာကို နိုင်ငံတော်ရဲ့ လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ အကြီးအကဲသည်  နိုင်ငံတော် သမ္မတဖြစ်ရမယ်ဆိုတဲ့ အချက်ကို ပြင်ဖို့လိုပါတယ်"

တိုင်းရင်းသားတွေ တောင်းနေတဲ့ အချက်အလက်တွေကအစ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အချက်တွေဖြစ်လို့ ပူးပေါင်းကြောင်း တစ်သားတည်းရပ်တည်ကြောင်း အသိပေးတာပါ"

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မနော်ရမ္မံကွင်းထဲမှာ ဦးသိန်းတန် (စာနယ်ဇင်း)၊ ဦးကိုလေး (အင်းဝဂုဏ်ရည်)နဲ့ ဦးသိန်းသန်းဦး တရားလွတ်တော်ရှေ့နေတို့ကလည်း ဟောပြောခဲ့ကြပါတယ်။

ဟောပြောပွဲ လာရောက်ခဲ့တဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဦးသိန်းထွန်းကလည်း အခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်နိုင်ရေးနဲ့ ပတ်သက်လို့ အခုလို အကြံပေးပါတယ်။

"အုပ်ချုပ်ရေးမှူးတွေကို တာဝန်ပေး၊ ပါတီတွေကို တာဝန်ပေးပြီး ၄၃၆ ပြင်ဆင်ရေးတုန်းကလို  ပြည်သူလူထုရဲ့ ထောက်ခံမှုတွေနဲ့ လတ်မှတ်တွေရရင်ကောင်းတာပေါ့"

မနော်ရမ္မံကွင်းအတွင်းမှာပြုလုပ်တဲ့ ထောက်ခံပွဲမှာတော့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေက ပြည်သူတွေလည်း ပါဝင်ခဲ့ကြပြီး လူဦးရေ သောင်းဂဏန်းအထိ ရှိခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စု လွတ်တော် ပူးပေါင်းကော်မတီ အစီရင်ခံစာ အတည်ပြုရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ ဆိုတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

( RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့