ပေါက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့မှူး အပါအဝင် လေးဦးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်

2019-06-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထုတ်ပြန်ချက်ကို တွေ့ရစဉ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထုတ်ပြန်ချက်ကို တွေ့ရစဉ်
.

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် လေးဦးကို အဂတိတိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ ပေါက်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

ပေါက်မြို့နယ် သရက္ကန်ကျေးရွာ လက်ပံတိုရေနံမြေအတွင်းမှာ တရားမဝင် ရေနံလက်ယက်တွင်း တွေကို ငွေကြေးကောက်ခံရယူလုပ်ကိုင်ခွင့်ပေးထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးပေါ်ပေါက်တာကြောင့် အမှုဖွင့်ထားတာဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးက RFA ကို ပြောပါတယ်။

တရားမဝင် ရေနံလက်ယက်တွင်းတွေက ငွေကြေးကောက်ခံဖို့ ညှိနှိုင်းဆွေးနွေးတာတွေအပြင် သရက္ကန်ကျေးရွာ ဖွံ့ဖြိုးရေးရန်ပုံငွေကနေ ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းက ငွေကျပ် ၈၈ သိန်းကျော်ကို ရယူခဲ့တာတွေ၊ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲမှူး ဇော်ဝင်းရွှေက ငွေကျပ် ၁၈ သိန်းနီးပါးကို ရယူခဲ့တာစစ်ဆေးပေါ်ပေါက်တာကြောင့် အမှုဖွင့် တိုင်ကြားထားတာဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ သရက္ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးက အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ချိန်မှာ ငွေကျပ် သိန်း ၇၇၀ ကျော်ကို ရယူခဲ့တာတွေနဲ့ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲအုပ် သန်းဇော်က ငွေကျပ် လေးသိန်းခွဲကို ရယူခဲ့ကြောင်း ပေါ်ပေါက်တာ ကြောင့် သူတို့ နှစ်ဦးကိုပါ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းကို ဖမ်းဆီးထားပြီး ရဲမှူး ဇော်ဝင်းရွှေက ထွက်ပြေး တိမ်းရှောင်နေကြောင်း မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် သယံဇာတ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီး ဦးမြင့်ဇော်က RFA ကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဇော်တူးက ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့