တပ်မတော် တာဝန်ယူမှု ခြေလှမ်းသစ်ဖြစ်ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

2018-01-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zawe Win/ RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာသား ၁ဝ ဦးသတ်ဖြတ်မှုအတွက် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တခြား တာဝန်ရှိသူတွေကို အရေးယူမယ်လို့ တပ်မတော်က ထုတ်ပြန်ကြေညာခဲ့တာဟာ ခြေလှမ်းသစ်တခု ကို လျှောက်လှမ်းလိုက်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono တာရိုကိုနိုနဲ့ နေပြည်တော် က တွေ့ဆုံပွဲအပြီး ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းပွဲမှာ သူက အခုလိုပြောဆိုခဲ့တာပါ။ နိုင်ငံတနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ကိုယ့်ဘာသာ တာဝန်ယူရမှာဖြစ်တယ်၊ ဒါကြောင့် အဲဒီလို တာဝန်ယူတဲ့ လမ်းကြောင်းပေါ်မှာ တပ်မတော်က စတင်ပြီး အခုလိုလျှောက်လှမ်းခဲ့တာဟာ အပေါင်းလက္ခဏာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါ တယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ရခိုင်ပြည်နယ်ပြန်လာမယ့် ဒုက္ခသည်တွေကို နေရာချထားရေး အတွက် ဒေါ်လာသုံးသန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဂျပန်က အရေးပေါ်အကူအညီအနေနဲ့ ပေးအပ်မှာဖြစ်သလို ရခိုင်ပြည်နယ်မှာ အမျိုးသမီးတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးရေးအပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် နောက်ထပ် ဒေါ်လာ သန်း ၂ဝ ဖိုး ထောက်ပံ့ရေး အတွက်လည်း ဂျပန်လွှတ်တော်ရဲ့ သဘောတူညီချက်ကို ရယူဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေးအတွက် လာမယ့် ၂ဝ၂ဝ ခုနှစ်အရောက်မှာ ရန်ကုန်နဲ့ တောင်ငူအကြား ၃ နာရီခွဲနဲ့ အရောက်သွားနိုင်ရေးနဲ့ ၂ဝ၂၃ ခုနှစ်မှာ ရန်ကုန်နဲ့ မန္တလေးအကြား ၈ နာရီနဲ့ သွားရောက်နိုင်ရေးအတွက် ရထားလမ်းအဆင့်မြှင့်မှုကို ဂျပန်က ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုပေးပို့နိုင်ရေး၊ ပြည်တွင်းပြည်ပ မီဒီယာတွေ ပိုမိုလွတ်လပ်စွာ သွားခွင့်ရရှိရေး၊ ဒုက္ခသည်တွေလုံခြုံစိတ်ချစွာ ကိုယ့်သဘောနဲ့ကိုယ်ပြန်လာနိုင်ရေး၊ သူတို့ကို ပြန်လည်နေရာချထားရေးနဲ့ ကိုဖီအာနန်အကြံပေးချက်တွေကို အကောင်အထည်ဖေါ်ရေးစတဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုနို က တောင်းဆိုပြောကြား ခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီး ကိုနိုဟာ မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှာဖြစ်သလို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ပါလိမ့်မယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့