သမ္မတလုပ်ပိုင်ခွင့်အချို့ကို လျှော့ချတဲ့ ပုဒ်မအပါအဝင် လေးခုကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတင်သွင်း

2019-05-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အချို့ကို လျှော့ချတဲ့ပုဒ်မ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ လေးခုကို ပြင်ဆင်ဖို့ ဥပဒေကြမ်း တင်သွင်းလိုက်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း ကို တွေ့ရစဉ်
နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အချို့ကို လျှော့ချတဲ့ပုဒ်မ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ လေးခုကို ပြင်ဆင်ဖို့ ဥပဒေကြမ်း တင်သွင်းလိုက်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အချို့ကို လျှော့ချတဲ့ပုဒ်မ တစ်ခုအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ လေးခုကို ပြင်ဆင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်း တင်သွင်းလိုက်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ရွေးကောက်ခံကိုယ်စားလှယ် ၄၀ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၀၅ ဦးတို့ လက်မှတ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေကြမ်းကို မတ်လ ၁၅ ရက်နေ့ကတည်းက တင်သွင်းခဲ့တာဖြစ်ပါတယ်။

မူလက ပုဒ်မ ၂၄၈(ဂ) မှာ နိုင်ငံတော် သမ္မတဟာ ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေရဲ့ သဘောတူညီချက်နဲ့ ဝန်ကြီးဌာနနဲ့ ဝန်ကြီးအရေအတွက်ကို သတ်မှတ်ခန့်အပ်နိုင်တယ်လို့ ပြဌာန်းထားတာဖြစ်ပြီး ဒီဥပဒေကြမ်းမှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းတိုင်ပင်ဖို့ ဆိုတဲ့ အချက်ကို ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဒီပုဒ်မကို ပြင်ဆင်တာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အရင်က တင်သွင်းထားတဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေက ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ကိုပြင်ဆင်တာနဲ့ ဆက်စပ်တယ်လို့ ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ အမြင့်ဆုံး ဆုံးဖြတ်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ လွဲှပြောင်းပေးဖို့လည်း ပါဝင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ အရ ဖွဲ့စည်းပုံပါ ပုဒ်မ တစ်ရပ်ရပ်ကို ပြင်ဆင်လိုတဲ့သူတွေဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လက်မှတ်နဲ့ တင်ပြရတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်မှာ ခုနှစ်ရာခိုင်နှုန်းဝန်းကျင်သာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ၂၀ ရာခိုင်နှုန်းပြည့်ဖို့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ လက်မှတ်နဲ့ ပူးပေါင်းတင်သွင်းတာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး စိစစ်ဖို့ အင်န်အယ်လ်ဒီပါတီ လမ်းမတော်မြို့နယ် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ဦးဆောင်တဲ့ ၃၁ ဦးကော်မတီကိုလည်း ဒီနေ့ ဖွဲ့စည်းလိုက်ပြီး မကြာခင်မှာ အဲဒီကော်မတီက လေ့လာတေ့ွရှိချက်ကို လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့