ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းပိတ်ထားတာ ပြန်ဖွင့်ပေးဖို့ Fortify Rights တောင်းဆို

2019-07-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်
အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကတည်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာဟာ အခုဆိုရင် တစ်လနီးပါးရှိပြီ ဖြစ်ပါတယ်။

ဒီလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေမှာ အချက်အလက်ယူဖို့ အခက်အခဲတွေဖြစ်နေတာကြောင့် အစိုးရအနေနဲ့ အင်တာနက်လိုင်းတွေ အမြန်ဆုံးပြန်ဖွင့်ပေးဖို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ အင်တာနက် ပိတ်ဆို့တဲ့ကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုတယ်

"ရခိုင်မှာ အင်တာနက် ဖြတ်တောက်တဲ့ကိစ္စရပ်ကပေါ့နော် ကျနော်တို့ လူသားချင်းစာနာတဲ့ အကူအညီတွေလုပ်နေတဲ့ အဖွဲ့အစည်းတွေမှာ အခက်အခဲတွေ အများကြီးဖြစ်စေတယ် အဆက်အသွယ်တွေကို ဆက်သွယ်လို့မရတဲ့အခါကျတော့ ဘာဖြစ်လည်းဆို လိုအပ်တဲ့အကူအညီတွေကို လုပ်နေတဲ့ အဖွဲ့တွေမှာ အခက်အခဲအများကြီး ရင်ဆိုင်နေရတယ် မြန်မာအစိုးရအနေနဲ့ အင်တာနက် ပိတ်ဆို့တဲ့ကိစ္စတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့လိုတယ်"

ရခိုင်ပြည်နယ်မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေဟာ အရင်က အင်တာနက်အွန်လိုင်းပေါ်ကနေ ဓာတ်ပုံတွေ၊ အချက်အလက်တွေကြည့်ပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ဘယ်နေရာမှာ ဘာတွေလိုတယ်ဆိုတာကို ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။

အင်တာနက် ပိတ်လိုက်ပြီးနောက်ပိုင်း ဘာဖြစ်တယ်ဆိုတာ အတည်ပြုဖို့ခက်ခဲ့တာကြောင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်တဲ့အခါမှာ လိုအပ်ချက်နဲ့ ကူညီပေးတာတွေဟာ ကွဲလွဲတာတွေလည်း ရှိလာပါတယ်။

ကူညီကယ်ဆယ်ရေး ဆောင်ရွက်တဲ့သူတွေအတွက် အင်တာနက် မရှိတာကြောင့် အခက်အခဲဖြစ်နေတဲ့အကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

"နေမကောင်းဖြစ်နေတဲ့ လူနာစာရင်းဆိုပါစို့ အဲစာရင်းကို ဖုန်းလေးနဲ့တချက်ရိုက်ပြီးတော့မှ မတ်စင်ဂျာကို ပို့လိုက်တဲ့ဟာက မြန်မြန်ဆန်ဆန် တိတိကျကျရောက်တယ် နာမကျန်းဖြစ်နေတဲ့လူတွေ ပုံပါရင် တော်တော် များများ ကွန်ဖန်းလုပ်လို့ရပြီ အဲလိုမျိုး အချက်အလက်ကို ယူရတဲ့အနေအထားက အင်တာနက်ကို ပိတ်လိုက်တဲ့ အခါ ထိခိုက်မှုရှိတယ် အဲဒီအချက်အလက်ကြည်ပြီး အကူအညီပေးတဲ့လူတွေအတွက်လည်းပဲ အခက်အခဲ ဖြစ်သွားစေတယ်ပေါ့နော်"

အရင်က ဒေသခံတွေဟာ အကူအညီတစ်ခုလိုတဲ့အခါ အင်တာနက်ပေါ်တင်ပြီး အကူညီတောင်းရင် အလှူရှင်တွေ ချက်ချင်းဆင်းလာပြီး ကူညီပေးတာတွေရှိပေမယ့် အင်တာနက် ပိတ်လိုက်ပြီး နောက်ပိုင်း ဒေသခံတွေမှာ အခက်အခဲတွေရှိလာတာဖြစ်ပါတယ်။

အင်တာနက် ပိတ်တာကြောင့် သိတဲ့အဖွဲ့တွေကိုပဲ ဖုန်းနဲ့ဆက်သွယ်ပြီး အကူညီတောင်းနေရတာကြောင့်  အခက်အခဲတွေ ရှိတယ်လို့ ပုဏ္ဏကျွန်းမြို့နယ် ပိုးရှီပြင်ရွာသား ကိုနိုင်ဦးမောင်က ပြောပါတယ်။

"သတင်းတွေကိုဖုန်းနဲ့ပဲ ကျနော်တို့ကပြောနေရတယ် အကူညီလိုရင်လည်း ကျနော်တို့နဲ့ အဆက်အသွယ်ရှိတဲ့ အဖွဲ့တွေကိုပဲ ဖုန်းဆက်ပြီး အကူအညီတောင်းနေရတယ် အင်တာနက်ကဆို ပိုအဆင်ပြေတာပေါ့ ပို့စ်တစ်ခု တင်လိုက်တာနဲ့ လူကသောင်းချီ သိသွားတယ်လေ တစ်ခါတည်းပျံ့သွားတယ် အခုက ဖုန်းနဲ့အဆက်သွယ် ရှိတဲ့လူလောက်ပဲ အကူညီတောင်းရတယ် အခက်အခဲတွေရှိတယ်"

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ မိုးများတာ၊ မြစ်ရေကြီးတာတွေကြောင့် ဒုက္ခသည်စခန်းတွေ ရေဝင်ပြီး ပြောင်းရွှေ့တာတွေပြုလုပ်ခဲ့ရပါတယ်။

ဒီလိုပြောင်းရွှေ့ခဲ့ရပေမယ့် အင်တာနက်ပေါ်မှာ အကူညီမတောင်းခံနိုင်တာကြောင့် ဒုက္ခသည်တွေမှာ အခက်အခဲတွေ ဖြစ်ခဲ့တယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

tuntharsein-350.jpg"အဲဒီဒုက္ခသည်တွေအတွက် အခက်အခဲ တော်တော်လေး ဖြစ်ပါတယ် တချို့ဆို ထမင်းတောင် နပ်မှန်အောင် မစားရဘူး အဲလိုမျိုး အခက်အခဲတွေဖြစ်ခဲ့တယ် ဒါဟာ အင်တာနက် အွန်လိုင်းတွေ မဖွင့်တဲ့အတွက်ကြောင့် ကူညီကယ်ဆယ်ရေးသမား တွေက အချိန်မှီလာပြီးတော့ သူတို့ရဲ့ ဘေးဒုက္ခတွေကို မကူညီနိုင် ဘူးပေါ့နော်"

အစိုးရတပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေကို ယာယီဖြတ်တောက်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့တာပါ။

ဒီလို အင်တာနက် ပိတ်လိုက်တာကြောင့် ရခိုင်ပြည်နယ်မှာ လူအခွင့်အရေးချိုးဖောက်တာတွေ ပိုဖြစ်နိုင်တာကြောင့် အင်တာနက်လိုင်းပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပေမယ့် တစ်လပြည်တဲ့အချိန်ထိ ပြန်ဖွင့်ပေးတာမရှိပါဘူး။

ဒီပိတ်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ရှိမရှိ မေးမြန်းဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က အကြိမ်ကြိမ်ဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံ ဖြေကြားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့

"ဒါကိုဘယ်လိုလုပ်လို့ရမယ်ဆိုတဲ့ အစီအမံက ဆွေးနွေးထားတာမရှိဘူး ဒါကြောင့် အတည်ပြုပြောကြားဖို့က ခက်တယ် ဝန်ကြီးချုပ်ကို မေးကြည်တာက ပိုကောင်းမယ် ဒါမှမဟုတ် ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ဝန်ကြီးကို မေးကြည့်"

ဒီလို့အင်တာနက် ပိတ်တာတွေကြောင့်  ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က လူ့အခွင့်ရေးချိုးဖောက်မှုတွေ ပိုဖြစ်နိုင်မလား၊ ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုံး သတ်ဖြတ်နေသလားဆိုတဲ့ လူတွေရဲ့ စိုးရိမ်စိတ်ကို ပိုဖြစ်စေတယ်လို့လည်း Fortify Rights ထုတ်ပြန်ချက်မှာ ပါရှိပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့