အင်းဒင်ရွာလူသတ်မှု ပြစ်ဒဏ်ကျနေတဲ့ တပ်မတော်သား ခုနှစ်ဦး လွတ်မြောက်

2019-05-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁ဝ ဦးကို ၂ဝ၁၇ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁ဝ ဦးကို ၂ဝ၁၇ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: REUTERS

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ လူသတ်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရတဲ့ တပ်မတော်သား ၇ ဦးဟာ လက်ရှိ အကျဉ်းထောင်တွေထဲမှာ မရှိတော့ဘူးဆိုတဲ့ သတင်းကို တပ်မတော်က အတည်မပြုနိုင်သေးကြောင်းပြောပေမယ့် အကျဉ်းဦးစီးဌာနက ဟုတ်မှန်ကြောင်း အတည်ပြုပြောလိုက်ပါတယ်။

ဒီနေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA သတင်းဌာနရဲ့ မေးမြန်းချက်အပေါ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး က အကျဉ်းထောင်တွေအတွင်း ထိန်းသိမ်းထားတာမရှိတော့ကြောင်း ဖြေကြားခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ယာယီအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ကိစ္စဖြစ်ပြီး နိုင်ငံတော် သမ္မတ ကပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ သူတို့ပါဝင်သွားနိုင်ကြောင်းနဲ့ လွှတ်ပေးလိုက်တယ်ဆိုရင် ဥပဒေအရသာ လွှတ်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

အင်းဒင်ကျေးရွာလူသတ်မှုမှာ ပူးပေါင်းပါဝင်မှုနဲ့ စစ်ဘက်ဆိုင်ရာ တရားရုံးက တပ်မတော် အရာရှိ လေးဦးနဲ့ စစ်သား သုံးဦးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး သက်ဆိုင်ရာနယ်ဘက်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ စစ်ဥပဒေချုပ်ရုံးက ဗိုလ်မှူးကြီး အောင်ခင်သိန်း ကပြောပါတယ်။

သူတို့ ခုနှစ်ဦးလွတ်မြောက်ပြီဆိုတဲ့ သတင်းကို တပ်မတော်က အတည်ပြုနိုင်ခြင်းမရှိပေမယ့် လုပ်ထုံးလုပ်နည်း အရ ထောင်ကျတဲ့ တပ်မတော်သားတွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီ အသနားခံစာ တင်ပြ တောင်းခံနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့