နိုင်ငံတကာ ပညာရေးလွတ်လပ်ခွင့် တကသခေါင်းဆောင်တွေ လေ့ လာဆွေးနွေး

2015-04-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေဟာ အနောက်နိုင်ငံက တက္ကသိုလ်ကျောင်းသားအဖွဲ့တွေနဲ့ ဧပြီလ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေဟာ အနောက်နိုင်ငံက တက္ကသိုလ်ကျောင်းသားအဖွဲ့တွေနဲ့ ဧပြီလ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo: Aung Ko KO/RFA

မြန်မာနိုင်ငံမှာ တက္ကသိုလ်ပညာရေးအဆင့် လွတ်လပ်ခွင့်ဆိုတာကို တောင်းဆိုနေတဲ့အချိန် နိုင်ငံ တကာက တက္ကသိုလ်တွေမှာ ဘယ်လိုလက်တွေ့ ကျင့်သုံးနေကြသလဲဆိုတာနဲ့ ပတ်သက်လို့ ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ ဝင်တွေဟာ အနောက်နိုင်ငံက တက္ကသိုလ်ကျောင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တကသ ကျောင်းသူ ကျောင်းသားတွေဟာ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံ တက္ကသိုလ်တွေက ကျောင်း သူ ကျောင်းသားတွေနဲ့ ရန်ကုန်မြို့ Alpha Hotel မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ကျောင်း သားများသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က နှစ်ဖက် အတွေ့အကြုံတွေကို ဖလှယ်ကြတာဖြစ်တယ်လို့ ပြော ပါတယ်။

"လက်ရှိအချိန်မှာ ကျနော်တို့နိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု အခြေအနေတစ်ခုရောက်နေတယ် ၊ နောက်ပြီးတော့ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားဆောင်ရွက်နေတဲ့ကိစ္စတွေ ရှိတယ်၊ အဲ့ဒါကြောင့် ကျနော်တို့တွေ နိုင်ငံတကာကျောင်းသားတွေနဲ့ တွေ့ဆုံပြီးတော့ နိုင်ငံတကာမှာ အခြေအနေဘယ်လိုရှိနေတယ်၊ ပညာရေးစနစ်ဟာ ဘယ်လိုပုံစံနဲ့သွားနေသလဲ၊ အဓိက တက္ကသိုလ်တွေ ဘယ်လိုမျိုး လွတ်လပ်စွာထားသလဲ၊ ကျနော်တို့နိုင်ငံရဲ့ အခြေအနေမှာရှိတဲ့ ပညာရေးစနစ်ပုံသဏ္ဍန်တွေ ကျနော်တို့ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေအားလုံးကို သူတို့ကို ကျနော်တို့ ပြန်ပြီးတော့မျှဝေရင်း နဲ့ နိုင်ငံတကာမှာရှိတဲ့ အတွေ့အကြုံကောင်းတွေ ပြန်မျှဝေတယ်၊ အဲ့ဒီအစီအစဉ်နဲ့ ဒီနေ့လုပ်ဖြစ်ပါတယ်"

တကသ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုဇေယျာလွင်၊ ကိုနန်းလင်းတို့ အပါအဝင်အဖွဲ့ဝင် ၅ဝ လောက်ဟာ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်၊ လီဗာပူးလ်တက္ကသိုလ်နဲ့ သြစတြေးလျနိုင်ငံ မက်ကွာရီတက္ကသိုလ် က ကျောင်းသားသမဂ္ဂ ဥက္ကဌတွေ၊ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့မှာ နှစ်ရက်ကြာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ပေးတာဖြစ်ပြီး လွှတ်တော်မှာ ဥပဒေပြဌာန်းတဲ့ လုပ်ငန်းအဆင့်ဆင့်ကိုလည်း မနေ့က ရှင်းလင်းပြောကြားခဲ့ တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့