နောက်တကြိမ်တွေ့ကြဖို့ ကျိုင်းတုံဆွေးနွေးပွဲဆုံးဖြတ်

2019-09-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၉ စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့တွင်ပြုလုပ်သည့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ဆွေးနွေးပွဲ တက်ရောက်လာသည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ။
၂ဝ၁၉ စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့တွင်ပြုလုပ်သည့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ဆွေးနွေးပွဲ တက်ရောက်လာသည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များ။
Kan Thar/RFA

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ၊ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ကိုယ်စားလှယ်တွေ စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးကြရာမှာ အချက် ၇ ချက် သဘောတူခဲ့ကြပြီး လာမယ့်အောက်တိုဘာလမှာ နောက်တကြိမ် တွေ့ဆုံကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ တပ်ကိုယ်စားလှယ်တွေ မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် အခန်းခွဲပြီး  အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး၊ ညနေပိုင်းမှာတော့ လက်ရှိတိုက်ပွဲတွေ လျှော့ချရေးအပါအဝင် အချက် ၇ ချက်ကို သဘောတူခဲ့ကြပြီး ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပါတယ်။ အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ခဲ့တာတော့ မရှိပါဘူး။

ဆွေးနွေးပွဲအစပိုင်းမှာ အချက်အလက်တွေအပေါ်မှာ တဘက်နဲ့တဘက် နားလည်မှုလွဲပြီး ကြံ့ကြာခဲ့တဲ့အတွက် Bilateral သဘောတူစာချုပ် လက်မှတ်ထိုးဖို့ အဆင့်အထိ မရခဲ့ပေမယ့် Bilateral သဘောတူစာချုပ်မှာ ပါဝင်မယ့်အချက်တွေကို သဘောတူခဲ့ကြတယ်လို့ AA ရခိုင့်တပ်တော် အထွေထွေအတွင်းရေးမှူး  ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

“နားလည်မှုလွဲတဲ့အပိုင်းကတော့... ကျနော်တို့လေးဖွဲ့အနေနဲ့ Bilateral ကို လေးဖွဲ့လုံး တပြိုင်နက်တည်း၊ တနေရာတည်းမှာ၊ စာရွက်တစ်ရွက်ပေါ်မှာ ထိုးမယ်။ နောက်ပိုင်းဆွေးနွေးတဲ့အခါမှာလည်း လေးဖွဲ့အနေနဲ့ ဆွေးနွေးမယ်။ မြန်မာ့တပ်မတော်ဘက်က သဘောထားကတော့ တဖွဲ့ချင်းအနေနဲ့ ဆွေးနွေးမယ်။ ကျနော်တို့ကျတော့ တဖွဲ့ချင်းဆွေးနွေးတဲ့အခါ AA နဲ့ တပ်မတော်နဲ့ဆွေးနွေးမယ်၊ ကိုးကန့်နဲ့ တပ်မတော်နဲ့ဆွေးနွေးမယ်၊ တခါတခါ လိုအပ်ရင် ကျနော်တို့လေးဖွဲ့နဲ့ တပ်မတော်နဲ့ ဆွေးနွေးမယ်၊ NRPC နဲ့ ဆွေးနွေးမယ်။ ဆွေးနွေးဘက် ဘယ်သူတွေပါမလဲ ဆိုတာမျိုးတွေမှာ နည်းနည်း နားလည်မှုလွဲခဲ့ကြတာ”

ဆွေးနွေးပွဲမှာ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲတွေလျှော့ချရေး၊ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူတွေ နေရပ်ပြန်နိုင်ရေး၊ တပ်နေရာချထားရေး ကိစ္စတွေကို တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးနိုင်ရေး၊ နှစ်ဖက်ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေး၊ နှစ်ဖက်ဖမ်းဆီးချုပ်နှောင်တဲ့ အရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို နှစ်ဖက်လုံးက လက်ခံလာတဲ့အထိ ဆွေးနွေးရေး၊ အပစ်ရပ်စဲမှု ခိုင်မာစေရေး ဆောင်ရွက်ရာမှာ စေ့စပ်ညှိနှိုင်းပေးနိုင်ရေးအတွက် နှစ်ဖက်သဘောတူတဲ့ ပဋိပက္ခဖြေရှင်းရေးနည်းလမ်း ရရှိနိုင်အောင် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားကြဖို့အတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရရှိထားတယ်လို့ ကျိုင်းတုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ- နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခုတစ်ကြိမ် ကျိုင်းတုံဆွေးနွေးပွဲမှာ သြဂုတ်လ ၃၁ ရက်နေ့ ဆွေးနွေးပွဲထက် ထူးခြားချက်ကတော့ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က မူးယစ်နှိမ်နင်းရေး ဌာနကြီးမှူး မစ္စတာဂိုဘောင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေလည်း ရောက်ရှိနေပြီး မြောက်ပိုင်းအဖွဲ့တွေကို အကြံပြုဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ တရုတ်ကိုယ်စားလှယ်တွေ ပါဝင်လာတာဟာ သွားရေးလာရေး အဆင်ပြေအောင် ပံ့ပိုးကူညီတဲ့အပိုင်းကနေ ပါဝင်လာတာလို့ မြင်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

၂ဝ၁၉ စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့တွင်ပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် PSLF/ TNLA ကိုယ်စားလှယ်များ။
၂ဝ၁၉ စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့တွင်ပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် PSLF/ TNLA ကိုယ်စားလှယ်များ။ (Kan Thar/RFA)

ဆွေးနွေးပွဲ တက်ရောက်လာတဲ့ PSLF/TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်ကတော့ ဒီကနေ့ ဒုတိယအကြိမ် ကျိုင်းတုံဆွေးနွေးပွဲမှာ တိုက်ပွဲတွေရပ်တန့်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပေမယ့် လိုချင်တဲ့အချက်တွေ မရခဲ့ဘူးလို့ ပြောပါတယ်။ အထူးသဖြင့် လက်ရှိုဖြစ်နေတဲ့တိုက်ပွဲတွေ လျှော့ချရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် လာမယ့်အောက်တိုဘာလမှာ အသေးစိတ်ထပ်မံ တွေ့ဆုံဆွေးနွေးနိုင်ဖို့ရလဒ်ကတော့ အပြုသဘောဆောင်တဲ့ရလဒ် ဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ဒီနေ့ဆွေးနွေးပွဲဟာ တပ်မတော် ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်လာတဲ့အတွက် ဆွေးနွေးမှုရလဒ်တွေကို အပြုသဘောမြင်ကြောင်း၊ တပ်ကိုယ်စားလှယ်တွေကလည်း သူတို့နဲ့ သက်ဆိုင်တာတွေကို ပြန်လည် တင်ပြနိုင်မှာဖြစ်လို့ တပ်မတော်ဘက်က အပစ်ရပ်သက်တမ်းတိုးနိုင်ဖို့ ထည့်သွင်းစဉ်းစားကောင်း စဉ်းစားနိုင်တယ်လို့ ပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို အစိုးရဘက်က ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ- ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်ပြီး ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦသိန်းဇော်၊ အတွင်းရေးမှူးဦးခင်ဇော်ဦးနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်လာပါတယ်။ တပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဘက်က KIO/KIA ကိုယ်စားလှယ် အထွေထွေအတွင်းရေးမှူးကွမ်ထောင်ထိန်နန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျာ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ ULA/AA အထွေထွေအတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့၊ MNDAA ကိုးကန့်အဖွဲ့က  ဒုစစ်ဦးစီးချုပ် ရန်ကျုံဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ခွန်ဂျာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့