KIO နဲ့ ယူနန်ပြည်နယ်အာဏာပိုင်တွေ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆွေးနွေး

2019-08-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လိုင်ဇာမြို့ကို တွေ့ရစဉ်
လိုင်ဇာမြို့ကို တွေ့ရစဉ်
Photo: RFA

တရုတ်နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ မှောင်ခိုသွင်းနေတာဟာ မြန်မာနိုင်ငံဘက် အခြမ်းကဖြစ်ပြီး တားဆီးနှိမ်နင်း ကြဖို့အတွက် ယူနန်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။

မြန်မာ-တရုတ် နယ်နိမိတ်ထိစပ်နေတဲ့ဒေသမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို ပူးပေါင်းလုပ်ဆောင်ကြဖို့ အတွက် KIO နဲ့ ယူနန်ပြည်နယ်က နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဓိကအားဖြင့် ရှမ်းပြည်နယ်ဘက်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တာတွေက ပိုများပြီး နယ်စပ်ဘက်ကို မှောင်ခို လမ်းကြောင်းတွေကနေတဆင့် ရောက်လာတာဖြစ်မယ်လို့ KIO ရဲ့ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"တရုတ်ပြည်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေအားလုံးဟာ မြန်မာပြည်ဘက်က ဝင်လာတယ်ဆိုပြီး သူတို့က စွပ်စွဲထားတယ်၊ ဥပမာ ရှမ်းမြောက်ဘက်မှာကတော့ မူးယစ်ဆေးဝါးထုတ်တဲ့ နေရာအများကြီးရှိတယ်၊ ပြည်သူ့စစ်နယ်မြေတို့ ဘိန်းခင်းတွေလည်း အများကြီးရှိတယ်၊ နံပါတ်ဖိုး ရာဘဆေး ထုတ်တာတွေလည်း အများကြီးရှိပါတယ်၊ တရုတ်ပြည်ဘက်မှာသွားကူးတယ်ဆိုတာ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်"

ကချင်ပြည်နယ်ထဲမှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူ ကျောင်းသားအရွယ် လူငယ်တွေအထိ အတော်များများ သုံးစွဲကြတာတွေ့ရတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်နေတယ်လို့ စွပ်စွဲထားပေမယ့်လည်း တရုတ်ဘက်က လုပ်ငန်းရှင်တွေကသာ မြန်မာနိုင်ငံထဲမှာ လာရောက်ထုတ်လုပ်ကြတာကို လေ့လာထားချက်အရ သိရတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

"မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံတာတွေကတော့ တရုတ်ပြည်ဘက်က စီးပွားရေးသမားတွေပေါ့၊ မူးယစ်ဆေးဝါးလုပ်တဲ့နေရာမှာ အတတ်ပညာရှင်တွေကလည်း တရုတ်စီးပွားရေးသမားတွေပဲ ဖြစ်ပါတယ်၊ အဲဒါကြောင့် ဟိုဘက်ကမ်းဒီဘက်ကမ်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ကတော့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်"

တရုတ်နိုင်ငံဘက်ဆီကို ရှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံနယ်မြေဘက်ကနေ မှောင်ခိုလမ်း ကြောင်းကတဆင့် ရောက်တာများတယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာက ပြောပါတယ်။

"ဒီမြန်မာနိုင်ငံဘက်ကဆိုတာကလည်း ရွှေတြိဂံနယ်မြေဘက်ကတက်တာ ရှမ်းပြည်ဘက်ရောက်လာပြီး တရုတ်ပြည်ဘက်ကူးတာ ကချင်ပြည်နယ်ဘက်မှာတော့ မရှိသလောက်ပါပဲ၊ ထိထိမိမိလုပ်ဆောင်နိုင်ရင်တော့ ကောင်းတာပေါ့၊ အားပေးတယ် မူးယစ်ဆေးဝါးက ရန်သူအကြီးစားဖြစ်နေတာပဲလေ၊ ငြိမ်းချမ်းရေးရနေတာကနေ ဒီဟာကြီးကမပြီးပဲဆိုရင်တော့ ဒါဘာမှတိုးတက်မှုမရှိနိုင်ဘူး"

မူးယစ်ဆေးဝါးထုတ်လုပ်ဖို့အတွက် ငွေကြေးအရင်းအနှီးနဲ့ နည်းပညာတွေက တရုတ်နိုင်ငံဘက်က လာရောက်ပြီး လုပ်ကိုင်ကြတာများတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။

"နှစ်နိုင်ငံ တရုတ်နဲ့နယ်နိမိတ်ချင်း ထိစပ်နေတာတော့ ကျွန်တော်တို့ ရှမ်းပြည်နယ်ပဲလေ၊ ဒါကတော့ အဲလိုပဲပြောမှာပေါ့၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ နည်းပညာတွေ လက်ရှိလုပ်နေတဲ့နည်းပညာတွေ ထုတ်လုပ်နေတဲ့ ငွေကြေးပမာဏတွေက ကျွန်တော်တို့နိုင်ငံကလုပ်နိုင်တဲ့ အတိုင်းအတာ မရှိပါဘူး၊ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးတော့ တားဆီးနှိမ်နင်းရေးတွေ လုပ်နေပါတယ်၊ မူးယစ်ဆေးဝါးက ကျွန်တော်တို့ တစ်နိုင်ငံတည်းမဟုတ်ဘူးလေ၊ တစ်ကမ္ဘာလုံးအခြေအနေဆိုတော့ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး လုပ်နေပါတယ်"

မြန်မာအစိုးရဖက်ကလည်း တရုတ်-မြန်မာနယ်စပ်ဒေသတွေမှာ မူးယစ်ဆေးပပျောက်ဖို့ လုပ်ဆောင်နေကြောင်း ရဲမှူးချုပ် ဇော်ခင်အောင် က ပြောပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့