KNU နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံ

2019-03-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
KNU ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ဝ၁၉ မတ်လ ၈ ရက်နေ့က တွေ့ဆုံစဉ်။
KNU ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ဝ၁၉ မတ်လ ၈ ရက်နေ့က တွေ့ဆုံစဉ်။
(Aung Moe Myint/RFA)

KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ KNU နဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ နှစ်ဖက်သဘောတူခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေးက ပြောပါတယ်။

RFA သတင်းထောက် ဦးအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။

■ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ မတ်လ ၈ ရက်နေ့ ညနေပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိလာပြီး KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ချင်းမိုင်မြို့ Kham Mon Lanna Hotel မှာ နှစ်နာရီခွဲကျော်ကြာအောင် အလွတ်သဘော ဆွေးနွေးခဲ့အပြီးမှာ NRPC နဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ မကြာခင် အမြန်ဆုံးတွေ့ဆုံနိုင်ဖို့ သဘောတူခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေးက ပြောပါတယ်။

“အခု ကျနော်တို့သွားနေတဲ့ NCA NCA လမ်းကြောင်းကနေ မယိမ်းမယိုင်ပဲ ပိုမိုခိုင်မာအောင်၊ ပိုမိုပြီးတော့လည်း ပါဝင်တဲ့အစုအဖွဲ့ကြီး ကျေကျေလည်လည်ရှိအောင်၊ ဒီအပေါ်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှုတွေ ပိုမြင့်လာအောင် ဘယ်လိုလုပ်ကြမလဲ၊ နည်းလမ်းတွေ ရှာရင်းနဲ့လည်း ကျနော်တို့ဆွေးနွေးတယ်။ နံပါတ်သုံးအချက်ကတော့… ယေဘုယျအားဖြင့် ခုနက ပဒိုတာဒိုမူး ပြောသလိုပေါ့၊ ကျနော်တို့ NRPC နဲ့တွေ့ဖို့ တပ်နဲ့တွေ့ဖို့ အဲ့ဒါတွေလည်း ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။ အမြန်ဆုံး ဘယ်တော့လောက် တွေ့နိုင်မလဲဆိုတာကိုတော့ နှစ်ဦးနှစ်ဖက် ရက်တွေ ပြန်ကြည့်ရအုံးမှာ ဖြစ်တဲ့အတွက် အမြန်ဆုံးတွေ့နိုင်ဖို့ ကြိုးစားသွားမယ် ဆိုတဲ့ အနေအထားလေးကိုတော့ အကြမ်းဖျင်းရတယ်။ ရလာတော့ ခြုံလိုက်ရင်တော့ ဒီသုံးချက်အရ တော်တော်လေး တိုးတက်မှုရှိတယ်။ ရလာဒ်ကောင်းတွေလည်း ထွက်ပေါ်တယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ကြားမှာ မခြွင်းမချန် တော်တော်လေး ဆွေးနွေးဖြစ်တယ်”

နှစ်ဖက်တွေ့ဆုံနိုင်မယ့်ရက်ကို အထက်အဆင့်ဆင့်ကို ပြန်လည်တင်ပြပြီး အမြန်ဆုံးတွေ့ဆုံနိုင်အောင် ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။ ဆွေးနွေးမယ့်အချက်တွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုဖို့ကိုတော့ ဦးဇော်ဌေးက ငြင်းဆိုခဲ့ပါတယ်။

KNU အဖွဲ့ဟာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက KNU ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးအပြီးမှာ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ တရားဝင် အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကတဆင့် ဆွေးနွေးအဖြေရှာသွားမယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

အဲဒီနောက် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ပထမဆုံးအကြိမ် အလွတ်သဘော စတင်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်၊ အခုတစ်ကြိမ်ဟာ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။

ဒီကနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာ KNU အဖွဲ့အနေနဲ့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေအပါအဝင် ရှေ့ဆက်နိုင်မယ့် အခြေအနေတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခဲ့ပြီး တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

“အဓိကတော့ NCA ကို ပိုပြီးတော့ခိုင်မာအောင်၊ အပစ်အခတ်ရပ်စဲရေး ပိုခိုင်မာအောင်ဈ နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း တကယ်ကို အနှစ်သာရရှိတဲ့ ခြေခံတွေနဲ့ ဆက်ပြီးသွားနိုင်အောင် ဆိုတဲ့ဟာကို ဆွေးနွေးပါတယ်။ အခုက အလွတ်သဘောဆိုတဲ့ သဘောသဘာဝအတိုင်း ကျနော်တို့ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်းနဲ့ တကယ်တမ်း ဖြစ်နိုင်ခြေတွေ လိုက်ရှာကြတာကိုး။ ဖြစ်နိုင်ခြေ ရပြီးတဲ့အခါကျရင် နောက်တဆင့် ပိုပြီးတော့တာဝန်ရှိတဲ့ပုဂ္ဂိုလ်များနဲ့တွေ့မယ်။ အထူးသဖြင့် ဥပမာအားဖြင့် NRPC လိုမျိုး၊ နောက်ပြီးတော့ တပ်ပိုင်းကလည်း ဗိုလ်ချူပ်ကြီးရာပြည့် ဦးဆောင်တဲ့ ဆွေးနွေးရေး အဖွဲ့လိုမျိုး ဒါတွေနဲ့ နောက်တဆင့် ထပ်တွေ့သွားမှာပေါ့နော်။ အခုဟာကတော့ အကြို တဖက်နဲ့တဖက် ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ အဖြေရှာကြတဲ့ အလွတ်သဘောဆွေးနွေးပွဲ အဆင့်တော့ ဖြစ်တာပေါ့”

ဒီဆွေးနွေးပွဲကို KNU အဖွဲ့က ဒု-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး ပဒိုစောတာဒိုမူး၊ ဗိုလ်မှူးကြီး တူးတူးလေး၊ ပဒိုစောတောနီး၊ နော်မေဦး၊ ဗိုလ်မှူးတာမူလာ တို့ တက်ရောက်ခဲ့ပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်ကတော့ အငြိမ်းစား ဒုဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ဇော်ဦး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦး တို့နဲ့အတူ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး တက်ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ မတ်လ ၉  ရက်နေ့မနက်ပိုင်းမှာ NCA  အပစ်ရပ် ၁ဝ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ရှိပြီး၊ မတ်လ ၁ဝ ရက်နေ့မှာလည်း NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့