လားရှိုး ကုန်းဆာရွာမှာ လက်နက်ကြီးကျပြီး ရွာသားတစ်ဦး သေဆုံး

2019-08-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လားရှိုးမြို့နယ်၊ ကုန်းဆာရွာမှာ တွေ့ရတဲ့ လက်နည်ကျည်တစ်ခုကို တွေ့ရစဉ်
လားရှိုးမြို့နယ်၊ ကုန်းဆာရွာမှာ တွေ့ရတဲ့ လက်နည်ကျည်တစ်ခုကို တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

သြဂုတ်လ ၁၇ ရက်နေ့ညနေ ခုနှစ်နာရီလောက်မှာ ကုန်းဆာကျေးရွာ အတွင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ကိုလုံးအေး ဆိုသူ လက်နက်ထိမှန်ပြီး သေဆုံးခဲ့တာပါ။

သေဆုံးသူ ကိုလုံးအေးဟာ ဇနီးနဲ့သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်လို့ သိရပါတယ်။

သူ့ရုပ်အလောင်းကို သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ပေးသောလက် ပရဟိတအဖွဲ့နဲ့ ရှမ်းလူငယ်အဖွဲ့က သွားရောက် သယ်ဆောင်ပြီး လားရှိုးဆေးရုံကို ပို့ဆောင်ခဲ့တာပါ။

အဲဒီဖြစ်စဉ်ကြောင့် ကုန်းဆာ၊ ကောင်းဟုန်း၊ ပန်စုံ၊ ဖိုင်းတောင်း၊ ဟိုနားရွာက ဒေသခံတွေဟာ မိုင်းတင် ကျေးရွာဘုန်းကြီးကျောင်းမှာ လူဦးရေ ငါးရာသုံးဆယ်ကျော် ရောက်ရှိနေပြီး မက်ချီးနုကျေးရွာမှာ လေးရာဝန်းကျင် ခိုလုံနေပါတယ်။

မနေ့က ညနေခုနှစ်နာရီကျော်မှာ ခလရ ၆၈ တပ်က ကျေးရွာဘုန်းကြီးကျောင်းကနေ လက်နက်ကြီး လေးလုံး ထက်မနဲ ပစ်ခတ်ခဲ့ရာမှာ ကျေးရွာအတွင်း နှစ်လုံးကျခဲ့ကြောင်း ရွာသားတွေက ပြောပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ နက်ပိုင်း လားရှိုးမြို့အထွက် ပန်ဟက်ရွာအနီး ပစ်ခတ်မှုနဲ့အောင်သစ္စာ ကွက်သစ်အတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီးနောက်မှာ အောင်သစ္စာကွက်သစ်က ဒေသခံတွေ မက်ချီးနု တာပုံစတဲ့ ကျေးရွာကဒေသခံတွေ ခရီးသွားတွေ အပါအဝင် လူဦးရေ တစ်ထောင့်နှစ်ရာခန့်ဟာ မန်ဆူကျောင်းမှာ ခိုလှုံနေရပါတယ်။

လက်ရှိ လားရှိုမြို့ပေါ်က နေရာ လေးခုလောက်မှာ လူဦးရေနှစ်ထောင်ကျော် ထွက်ပြေး ခိုလှုံနေကြပါတယ်။ ဒါ့အပြင် ဆွေမျိုးတွေအိမ်မှာ နေနေသူတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဟိုနားကျေးရွာအနီးတစ်ဝိုက် MNDAA ကိုးကန့်အဖွဲ့တွေ ဝင်ရောက်လာပြီး တချို့က ဈေးဝယ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတချို့က RFA ကိုပြောပါတယ်။

အဲဒီနောက်မှာ တပ်မတော်က နယ်မြေရှင်းတာတွေလုပ်နေသလို နားဖ လက်ဖက်ခြံကနေ သြဂုတ်လ ၁၇ ရက်နေ့ မနက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ကုန်းဆာရွာက နေအိမ်တစ်လုံး လက်နက်ထိမှန် ပျက်စီးခဲ့ပါတယ်။

မနေ့က ညနေပိုင်းမှာတော့ တပ်မတော်စစ်ကြောင်းတွေ ကုန်းဆာကျေးရွာကိုရောက်လာပြီး ဘုန်းကြီးကျောင်းကနေ ဟိုနားရွာဖက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်ရွာသားတွေက RFA ကို ပြောပါတယ်။

ဒီကနေ့မနက်မှာ တပ်မတော်စစ်ကြောင်းတွေဟာ ဟိုနားရွာဘက်ကို ချီတက်သွားခဲ့ပြီး အခုညနေပိုင်းမှာတော့ ဟိုနား၊ ခွန်တောက်ရွာက ရွာသားတွေဟာ လားရှိုးမိုင်းယော်လမ်း တာလေဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးလာနေကြတယ်လို့ ဒေသခံကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေရှိနေတဲ့ ကွတ်ခိုင်မြို့ပေါ်က နေရာသုံးခုမှာ စစ်ရှောင်ဦးရေ ငါးရာ့သုံးဆယ်ကျော်၊ သိန်းနီ နမ့်စလတ် ကျေးရွာ ကက်သလစ် ဘော်ဒါဆောင်မှာ လူဦးရေ သုံးရာနဲ့ နားတီးကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလုံနေသူတွေကတော့ စားရင်းအတိအကျ မရသေးပါဘူး။ ထွက်ပြေးသူတွေက ထပ်တိုးနေဆဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကွတ်ခိုင် နမ့်ဖတ်ကာ လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေဖြစ်နေသလို မူဆယ်ဘက်ကနေ ကွတ်ခိုင်အဝင်ကားတွေ မူဆယ်တက်မယ့် ကားတွေကို ကွတ်ခိုင်တိုးဂိတ်မှာ တာမြစ်ထားပြီး စစ်ဆေးမှုတွေ တင်းကျပ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

မနေ့က ကွတ်ခိုင်ဘက်က နေမူဆယ်ကိုသွားတဲ့ ကားတချို့ကို လက်နက်ကိုင်အဖွဲ့က ကွတ်ခိုင်အထွက် အမှိုက်ပုံအနီးမှာ တားမြစ်ခဲ့ပြီး ဖုန်းတွေသိမ်းသွားတယ်လို့ ခရီးသွားတစ်ဦးက RFA ကိုပြောပါတယ်။

ဒါ့အပြင် အခုလ ၁၇ရက် မနက်က သိန်းနီ ကွမ်လုံ လမ်း ပိုင်း နာတီးရွာနဲ့နမ့်စလတ်ကြားမှာ MNDAA အဖွဲ့က ခရီးသွားကား တချို့နဲ့ ဈေးသည်ကားတွေကို တားမြစ်ထိန်းသိမ်းထားတာ ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ထိန်းသိမ်းခံထားရတဲ့ မိသားစုဝင်တချို့က RFA ကိုပြောပါတယ်။

သူတို့ကို လုံခြုံရေး အခြေအနေအရ ပြန်မလွတ်သေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီကနေ့မှာတော့ ကွမ်လုံ သိန်းနီလမ်းပိုင်း သိန်းနီးနဲ့ ဆယ့်ငါးမိုင်အကွာမှာ တံတားမိုင်းခွဲခံရတဲ့ နေရာကို တပ်မတော်က ဘေလီသံဘောင်တံတား ပြန်လည်တပ်ဆင်နေပြီး မိုင်ခွဲခံရတဲ့ ဂုတ်တွင်းတံတာကိုလည်း ဒီရက်ပိုင်းအတွင်း ဖွင့်လှစ်နိုင်မယ်လို့သိရပါတယ်။

ဒီနေ့ညနေပိုင်းအထိ ကွတ်ခိုင် နမ့်ဖတ်ကာကြားနဲ့ သိန်နီကွတ်ခိုင်ကြား လမ်းပိုင်းတစ်လျှောက် တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေ ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့