ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ ဆန္ဒပြအလုပ်သမား ၈ ဦးအမှုကို စစ်ဆေး

2019-04-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမား ၈ ယောက်အမှုကို ၂ဝ၁၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမား ၈ ယောက်အမှုကို ၂ဝ၁၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Khaymani Win/RFA

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမား ၈ ယောက်အမှုနဲ့ပတ်သက်လို့ ဒီနေ့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားလိုပြသက်သေ ၁ ဦးကို စစ်ဆေးခဲ့ပါတယ်။

အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်ဖို့အပါအဝင် အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ ရန်ကုန်နဲ့ မန္တလေးက အလုပ်သမား ၅၀၀ ခန့်ဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပြီး အဲဒီဆန္ဒပြပွဲ ဦးဆောင်သူ ၈ ဦး တရားစွဲဆိုခံထားရတာပါ။ တရားစွဲခံရသူ ၈ ယောက်ဟာ အမှုအတွက် ရှေ့နေခေါ်ယူထားခြင်းမရှိဘဲ ကိုယ်တိုင်ရင်ဆိုင်ကြတယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့ အခက်အခဲတွေကို အစိုးရက ဖြေရှင်းပေးနိုင်အောင် ဆန္ဒထုတ်ဖော်တောင်းဆိုတာ အခုလို တရားစွဲခံရတာဟာ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခံရတာဖြစ်တယ်လို့ တရားစွဲဆိုခံရသူတွေထဲက ရန်ကုန်မြို့က မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်အလုပ်အမှု့ဆောင် မစုစုနိုင်က ပြောပါတယ်။

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဖို့အတွက် ပြည်ကြီးတံခွန်ရဲစခန်းကို စာတင်ခဲ့ပေမယ့် ဟောပြောဖို့ လျှောက်ထားသူတွေဟာ ရဲစခန်းက သတ်မှတ်ထားတဲ့ အချက်တစ်ခုဖြစ်တဲ့ "မြို့နယ်အတွင်း နေထိုင်သူဖြစ်ရမယ်" ဆိုတဲ့အချက်နဲ့ကိုက်ညီမှု မရှိတာကြောင့် ခွင့်ပြုမိန့်မရရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီအလုပ်သမား ၈ ဦးကို ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ် တိုင်ကြားခဲ့တာဖြစ်ပြီး တရားလိုသက်သေ ၆ ယောက်တင်သွင်းထားရာမှာ ဒီနေ့ ရုံးချိန်းအထိဆိုရင် ၄ ယောက် စစ်ဆေးပြီးဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်ဖို့၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရရှိဖို့၊ အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့၊ အလုပ်သမား ဥပဒေတွေကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ဖို့၊ အထူးစီးပွားရေးဇုန် လုပ်သားတွေ၊ ဆောက်လုပ်ရေး လုပ်သားတွေနဲ့ နိုင်ငံံ့ဝန်ထမ်းတွေ ဥပဒေရဲ့ အကာအကွယ်ရရှိဖို့တို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့