မန္တလေးမှာ စိတ်ကြွဆေးပြား ၁၂ သိန်းကျော် ဖမ်းမိ

2017-07-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၁၂ သိန်းကျော်ကို ဇူလိုင်လ ၅ ရက်နေ့က ဖမ်းဆီးရမိစဉ်
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၁၂ သိန်းကျော်ကို ဇူလိုင်လ ၅ ရက်နေ့က ဖမ်းဆီးရမိစဉ်
ဓါတ်ပုံ - အမှတ် (၁) မူးယစ်ရဲတပ်ဖွဲ့ ၊ မန္တလေး

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က ဂိုဒေါင်တစ်ခုမှာ မနေ့က ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၁၂ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီ စိတ်ကြွမူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး ဂိုဒေါင်ပိုင်ရှင် ကျော်ဝင်း(ခ) လျိုရုန်းချမ်းနဲ့ ဇနီး ၊ယာဉ်မောင်းနဲ့ ဂိုဒေါင်စောင့် အောင်မင်းထွန်းတို့ကို အမှုဖွင့်စစ်ဆေးနေတယ်လို့ မန္တလေးတိုင်းဒေသကြီး အမှတ် ၁ မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးကျော်ဆန်းက ပြောပါတယ်။

"နောင်ချိုရဲစခန်းမှာ တရားခံကျော်ဝင်းရယ် သူ့ဇနီး ဖူးဝေခိုင်ရယ် ယာဉ်မောင်း မိုးဟိန်း သူတို့သုံးယောက် ကိုတော့ နောင်ချို ရဲစခန်းမှာ အမှုဖွင့်ထားတယ်၊ မန္တလေးမှာတော့ အိမ်စောင့် အောင်မင်းထွန်းရယ်၊ ပစ္စည်းပိုင်ရှင်ဖြစ်တဲ့ ကျော်ဝင်းနဲ့ သူ့မိန်းမရယ် အဲဒါတွေကို မန္တလေး ပြည်ကြီးတံခွန်ရဲစခန်းမှာ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်"

လားရှိုးကနေ မူးယစ်ဆေးဝါး သယ်ဆောင်လာတယ်လို့ သတင်းရတဲ့အတွက် နောင်ချိုမူးယစ် လှုပ်ရှားအဖွဲ့ က အေရှားဝေါလ်တိုးဂိတ်မှာ လန်ခရူဇာကားနှစ်စီးကို စစ်ဆေးရာကနေ ကားဆီတိုင်ကီတွေထဲက ICE ကီလို ၇ဝ ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ ဆက်စပ်ပြီး ကားပိုင်ရှင် ကျော်ဝင်း(ခ)လျိုရုန်းချမ်းရဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ရှိတဲ့ ဂိုဒေါင်ကို စစ်ဆေးရှာဖွေခဲ့ရာမှာ ဂိုဒေါင်ထဲမှာရှိတဲ့ ကားသုံးစီးထဲက ကားနှစ်စီးရဲ့ စပယ်ယာဘီးနဲ့ ဆီတိုင်ကီထဲမှာ ဝှက်ထားတဲ့ စိတ်ကြွမူးယစ်ဆေးပြား စုစုပေါင်း ၁၂ သိန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လျိုရုန်းချမ်းရဲ့နေအိမ်ကို ရှာဖွေရာမှာတော့ ရွှေထည်ပစ္စည်း နှစ်ပိသာကျော်နဲ့ ကျပ်ငွေ သိန်း ၃၆ဝ ကိုလည်း ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

စိတ်ကြွမူးယစ်ဆေးပြား ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး လျိုရုန်းချမ်း၊ သူရဲ့ ဇနီးနဲ့ ယာဉ်မောင်းတို့ကို နောင်ချိုရဲစခန်း နဲ့  ပြည်ကြီးတံခွန်ရဲစခန်းတို့မှာ အမှုဖွင့်ထားပါတယ်။

ဂိုဒေါင်စောင့် အောင်မင်းထွန်းကိုလည်း ပြည်ကြီးတံခွန်ရဲစခန်းတို့မှာ မူးယစ်အမှုနဲ့ အမှုဖွင့်ထားပြီး နောက်ဆက်တွဲ ကွင်းဆက်ဖော်ထုတ်နိုင်ဖို့ စစ်ဆေးဆောင်ရွက်နေတယ်လို့ ဒုတိယရဲမှူးကြီး ကျော်ဆန်းက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့