မြစ်ဆုံစီမံကိန်း ထာဝရရပ်တန့်ရေး ဆန္ဒပြတောင်းဆိုမည်

2019-04-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆန္ဒပြစဉ်
မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၂၀၁၉ ဖေဖော်ဝါရီ ၇ ရက်နေ့က ဆန္ဒပြစဉ်
Photo: Elizabeth/RFA

ကချင်ပြည်နယ် မြစ်ညှာ၊မြစ်ဝှမ်းမှာ တည်ဆောက်မယ့်ဆည်တွေ အပါအဝင် မြစ်ဆုံစီမံကိန်း ထာဝရရပ်တန့်ရေး အတွက် ဝိုင်းမော်မြို့နယ်မှာ လာမယ့် ဧပြီ ၂၂ရက်နေ့မှာ လူထုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီဆန္ဒဖော်ထုတ်ပွဲမှာ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ နဲ့ လူဦးရေ လေးထောင်လောက် ပါဝင်သွားမယ်လို့ ဝိုင်းမော်မြို့နယ်က ဒေသခံ ဒေါ်လွမ်းနော က ပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ တိတ်ဆိတ်စွာ စီတန်းလှည့်လည်သွားမှာဖြစ်ပြီး ဆုတောင်းပွဲအစီအစဉ်တွေနဲ့ ဒေသခံလူထုရဲ့ အသံဖော်ထုတ်တဲ့အစီအစဉ်တွေ ပြုလုပ်သွားမယ်လို့သိရပါတယ်။

ဒါ့အပြင် တရုတ်ပြည် ဘေဂျင်းမှာ ဒီလကုန်ပိုင်းမှာကျင်းပမယ့် ဒုတိယအကြိမ် စြင်္ကန်နဲ့ ပတ်လမ်းဆွေးနွေးပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တရုတ်အစိုးရနဲ့ မြစ်ဆုံစီမံကိန်းကိစ္စ မဆွေးနွေးစေချင်ဘူးလို့လည်း ဒေါ်လွမ်းနော က ပြောပါတယ်။

ဧရာဝတီမြစ်ဝှမ်းအထက်ပိုင်း ကချင်ပြည်နယ် မြစ်ဆုံဒေသက မေခမြစ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ဆည်ကြီး (၅)ခု၊ မလိခမြစ်မှာ(၁)ခုနဲ့ မလိခ- မေခမြစ်နှစ်ခုဆုံရာ ဧရာဝတီမြစ်အစနဲ့ (၄)မိုင်ကွာတဲ့နေရာမှာ(၁)ခု စုစုပေါင်း ဆည်(၇)ခု တည်ဆောက်ဖို့ ဆောင်ရွက်ထားတဲ့စီမံကိန်း ဖြစ်ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုပြည်သူတွေ ကန့်ကွက်ကြတဲ့အတွက် ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရ လက်ထက်က ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့