ကျောင်းများမှာ ငွေမကောက်ခံဖို့ အခြေခံပညာဦးစီးဋ္ဌာန ညွှန်ကြား

2016-05-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျောင်းတက်နေတဲ့ မူလတန်းကျောင်းသားတွေကို တွေ့ရစဉ်
ကျောင်းတက်နေတဲ့ မူလတန်းကျောင်းသားတွေကို တွေ့ရစဉ်
Photo: RFA

ကျောင်းအပ်နှံချိန်အပါအဝင် ဘယ်လိုအချိန်မျိုးမှာမှ ငွေကြေးကောက်ခံတာ မပြုလုပ်ဖို့ ပညာရေးဝန်ကြီးဋ္ဌာန အခြေခံပညာဦးစီးဋ္ဌာနက ညွှန်ကြားထားပါတယ်။

ပညာသင်ကြားဖို့အရွယ်ရောက်တဲ့ ကလေးငယ်တိုင်း ငွေကြေးကောက်ခံမှုကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေ ဘဲ ကျောင်းသားတိုင်း စာသင်ခန်းထဲရောက်စေနိုင်ရေးအတွက် ထုတ်ပြန်တာဖြစ်တယ်လို့ ကချင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦး က ပြောပါတယ်။

"ကချင်ပြည်နယ်က ကျောင်းသားကျောင်းသူတွေ မလိုအပ်ဘဲနဲ့ မိဘတွေက ပိုပြီးကုန်ကျစရိတ် မရှိအောင်ဖို့၊ ကလေးမှန်သမျှ ကျောင်းကိုရောက်လာစေချင်တယ်လေ၊ အဲ့ဒါကြောင့်မို့ ငွေကြေး မကောက်ခံဖို့တွေရယ်၊ အခမဲ့ပုံနှိပ်စာအုပ်တွေ၊ အခမဲ့ကျောင်းဝတ်စုံတွေ ဒါတွေပေးနိုင်ဖို့လည်း လုပ်နေတယ်၊ ပညာရေးဌာနရဲ့ အယူအဆကိုက ကျောင်းသားတိုင်း စာသင်ကျောင်း ရောက်စေချင်တယ်၊ ဒါကြောင့် ကလေးတွေနဲ့ မိဘတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်မယ့်ဟာကို ဖြေလျော့ဖို့ ကြိုးစားနေတယ်"

နေပြည်တော်အခြေစိုက် အခြေခံပညာဦးစီးဋ္ဌာနရဲ့ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့စွဲနဲ့ ကချင်ပြည်နယ်အတွင်းက ကျောင်းတွေကို တိကျစွာလိုက်နာဖို့ ထပ်ဆင့် အကြောင်းကြားလိုက်တာဖြစ်ပါတယ်။

ညွှန်ကြားချက်မှာ အခြေခံပညာစာသင်ကျောင်းတွေနဲ့ ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမ အပါအဝင် ဝန်ထမ်းတွေအားလုံးရဲ့ လစာငွေကိုလည်း လုံးဝ ဖြတ်တောက်ခြင်းမပြုဖို့နဲ့ ခေါင်းစဉ်အမျိုးမျိုးပြ ပြီး ကျောင်းသားမိဘတွေထံက ငွေကြေးနဲ့ လက်ဆောင်တွေ အလှူခံခြင်းမပြုဖို့ စတာတွေ ပါဝင်ပါတယ်။

ညွန်ကြားချက် ဖောက်ဖျက်လို့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင် အရေးယူဆောင်ရွက်သွားမှာလို့လည်း ပါရှိပါတယ်။

အရင်ကထက်စာရင် အခုနောက်ပိုင်းမှာ အခြေခံပညာရေးကဏ္ဍအတွက် အစိုးရက ဘတ်ဂျက်ငွေတွေကို တိုးမြှင့်ခွင့်ပြုပေးထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်မှာ ကချင်ပြည်နယ်က စာသင်ကျောင်းပေါင်း တစ်ထောင်ကျော်မှာ ဆရာ၊ ဆရာမ တစ်သောင်းကျော်ရှိပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း သုံးသိန်းကျော် ပညာသင်ကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့