ဦးဝီရသူဘေးကင်းရေး ဆုတောင်းလမ်းလျှောက်သူတွေကို အမှုဖွင့်မည်

2019-06-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဆရာတော် ဦးဝီရသူ ဘေးကင်းရေး မရမ်းကုန်းမြို့နယ် စွယ်တော်ဘုရားကနေ ကမ္ဘာအေးဘုရားအထိ လမ်းလျှောက်ဆုတောင်းနေ သူတွေကို ၂၀၁၉ ဇွန် ၁၁ ရက်နေ့က တွေ့ရစဉ်
ဆရာတော် ဦးဝီရသူ ဘေးကင်းရေး မရမ်းကုန်းမြို့နယ် စွယ်တော်ဘုရားကနေ ကမ္ဘာအေးဘုရားအထိ လမ်းလျှောက်ဆုတောင်းနေ သူတွေကို ၂၀၁၉ ဇွန် ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူ ဘေးကင်းရေး မရမ်းကုန်းမြို့နယ် စွယ်တော်ဘုရားကနေ ကမ္ဘာအေးဘုရားအထိ ဒီနေ့ နေ့လယ်က လမ်းလျှောက်ချီတက် ဆုတောင်းခဲ့ကြသူတွေထဲက ဦးဆောင်သူတွေကို မရမ်းကုန်းမြို့နယ် ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီနေ့ဆုတောင်းပွဲနဲ့ ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် ရဲစခန်းကို RFA က ဒီနေ့ညနေ ၅ နာရီခွဲက ဖုန်းဆက်မေးမြန်း ရာမှာ လမ်းလျှောက်ဆုတောင်းပွဲအတွက် ခွင့်ပြုချက်မတင်ထားကြောင်းနဲ့ ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်ဖို့ စီစဉ်နေကြောင်း မရမ်းကုန်းမြို့နယ် ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

အောက်ခြေကတက်လာတဲ့ သတင်းအချက်အပြည့်အစုံရရှိဖို့ စောင့်ဆိုင်းနေဆဲဖြစ်ပြီး အချက်အလက် အပြည့် အစုံရရှိတဲ့ အချိန်မှာ အမှုဖွင့်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ လမ်းလျှောက်ချီတက်ကြသူတွေဟာ တွံတေး၊ သုံးခွ၊ တိုက်ကြီး မြို့နယ်က ဒေသခံတွေဖြစ်ကြပြီး သူတို့ကို ဘုရားဖူးဖို့ဆိုပြီး ခေါ်ဆောင်လာတာဖြစ်ကြောင်း ပါဝင်သူတချို့က ပြောပါတယ်။

ခွင့်ပြုချက်မတင်ထားတာကြောင့် မရမ်းကုန်းမြို့နယ် အထွေထွေ အုပ်ချူပ်ရေးမှူးက နှစ်ကြိမ်တိတိတားမြစ်ခဲ့ပေမယ့် ဆက်လက်လမ်းလျှောက်ခဲ့ကြပြီး ဆရာတော်ဦးဝီရသူ အချုပ်အနှောင်က ကင်းဝေးပါစေ၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေ အစရှိတဲ့ ကြွေးကြော်သံတွေရွတ်ဆိုပြီး ကမ္ဘာအေးဘုရားအထိ ဆက်လက်လမ်းလျောက်ချီတက်ခဲ့ကြပါတယ်။

ဆရာတော်ဦးဝီရသူ လွတ်မြောက်ရေးအတွက် ဒီကနေ့ကျင်းပတဲ့ ဆုတောင်းလမ်းလျောက်ပွဲမှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၅၀၀ ကျော်လောက်ရှိပါတယ်။

အလားတူ ဗဟန်းမြို့နယ် ရေခဲဆိုင် မှတ်တိုင်ကနေ မြို့တော်ခန်းမရှေ့အထိ မနေ့က လမ်းလျှောက်ဆုတောင်းပွဲ ကျင်းပခဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာ လေးပါးနဲ့ လူပုဂ္ဂိုလ် ငါးဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ ဗဟန်းမြို့နယ် ရဲစခန်းက အမှုဖွင့်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့