အကျဉ်းသား ၉၅၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေး

2019-04-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ စစ်တွေအကျဉ်းထောင်ကနေ လွတ်လာသူကို ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က တွေ့ရစဉ်
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ စစ်တွေအကျဉ်းထောင်ကနေ လွတ်လာသူကို ၂၀၁၉ ဧပြီ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

မြန်မာနိုင်ငံနေရာ ဒေသအသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၉၅၀၀ ကျော်ကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ထဲမှာ အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၇၀၀ ကျော်၊ စစ်တွေအကျဉ်းထောင်က အကျဉ်းသား ၁၀၀ ကျော်နဲ့ မြစ်ကြီးနားအကျဉ်းထောင်က အကျဉ်းသား ၇၅၀ ကျော်ပါဝင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ထဲမှာ နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျနေသူ နိုင်ငံရေးသမားတွေ ပါ၊ မပါ ဆိုတာကို မသိရသေးပါဘူး။

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေး တောင်းဆိုခဲ့တာကြောင့် မြစ်ကြီးနား အကျဉ်းထောင်မှာ ထောင်ဒဏ် ၆ လ ကျခံနေရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကချင်တိုင်းရင်းသား ဦးလွမ်းဇောင်းနဲ့ ကိုဇော်ဂျက်တို့လည်း လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါဝင်လာနိုင်ငံကြောင်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကချင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဟာ မြစ်ကြီးနားအကျဉ်းထောင်ရှေ့မှာ သွားရောက် စောင့်ကြိုခဲ့ကြပေမယ့် လွတ်မြောက်ခဲ့ခြင်း မရှိပါဘူး။

နိုင်ငံတော် သမ္မတရဲ့ ထုတ်ပြန်ချက်အရ ကျန်ရှိနေတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကိုလည်း စိစစ်ပြီး လွတ်သင့်လွတ်ထိုက်သူတွေကို လွတ်ငြိမ်းချမ်းသားခွင့် ဆက်ပေးသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကိုလည်း နှစ်နိုင်ငံ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုပြီး လူသားချင်းစာနာမှုကို အလေးထားတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်းလည်း ဒီနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ သတင်းပေးပို့ချက်တွေအရ ဒီနေ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂ ဦးသားပါဝင်ကြောင်း နိုင်ငံအကျဉ်းသားဟောင်းများအဖွဲ့က ကိုထွန်းကြည်က RFA ကို ဒီနေ့ညနေပိုင်းမှာပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့