ရခိုင်မှာ အုပ်ချုပ်ရေးထိန်းသိမ်းဖို့ အစိုးရနဲ့ တပ် ညှိနှိုင်းမှုတွေရှိကြောင်း သမ္မတရုံးပြော

2020-06-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်မှာ အစိုးရအုပ်ချုပ်ရေးပျက်ပြားအောင် ရက္ခိုင့်တပ်တော် AA  က လုပ်ဆောင်နေတဲ့အပေါ် နှိမ်နင်းဖို့နဲ့ အုပ်ချုပ်ရေး တည်ငြိမ်အောင်  ထိန်းသိမ်းဖို့အတွက်၊ အစိုးရနဲ့ တပ်မတော်အကြား မကြာခဏ တွေ့ဆုံညှိနှိုင်းနေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA က

“ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ပြားနေတဲ့အတွက် ဒေသခံတွေအနေနဲ့ AA ကိုပဲ အားကိုးနေရတယ်လို့ ပြောဆိုမှုတွေရှိနေကြောင်း၊ တဖက်မှာ AA ကလည်း ပြည်သူ့အာဏာပိုင် အုပ်ချုပ်ရေးအဖွဲ့ ဖော်ဆောင်မယ်ဆိုပြီး ကြေညာထားတဲ့အပေါ် လက်တွေ့ဆောင်ရွက်လာတာတွေရှိကြောင်း” ဒီအပေါ် အစိုးရ အနေနဲ့ ဘယ်လိုမှတ်ချက်ပေးလိုပါသလဲလို့ မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူတွေကို သတ်ဖြတ်တာတွေရှိတယ်၊ ဒါမျိုးတွေ ဖြစ်လာတော့ အခြေအနေ ကတော့ နည်းနည်းလေး ဆိုးတယ်ပေါ့နော်။ ဆိုးပေမယ့်လို့ ယန္တရားက ပျက်သွားပြီလား၊ မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေပြီလား အဲလောက်ထိတော့ မဟုတ်သေးဘူးလို့ ကျတော်တို့က မြင်တယ်၊ သို့သော် အကောင်းဆုံး ကတော့ ဒီသောင်းကျန်းသူနှိမ်နှင်းရေး စစ်ဆင်ရေးပေါ့နော် ဒါကိုတော့ ဆောင်ရွက်ဖို့ဆိုတာ ကျတော်တို့ မူလကတည်းက ပြောထားပြီးဖြစ်တယ်၊ ဒါအကြမ်းဖက် မကြေညာခင်ကတည်းကလည်း တပ်မတော်လည်း ကျတော်တို့ ပြောထားပြီးဖြစ်တယ်။ ခုနောက်ပိုင်းမှာတော့ ဒီသောင်းကျန်းသူ နှိမ်နှင်းရေးကနေပြီးတော့ အကြမ်းဖက် ကြေညာလိုက်တဲ့အတွက် အကြမ်းဖက်နှိမ်နှင်းရေးဘက်ကို ရောက်လာတယ်။ ရောက်လာတဲ့ အပိုင်းမှာလည်း ဥပဒေ တည်ဆဲဥပဒေပေါ့နော် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ပဲရှိတယ်။ အဲတော့ အုပ်ချုပ်ရေး အခြေအနေနဲ့ ပတ်သက်လို့ကတော့ တည်ငြိမ်အောင်လို့ အစိုးရနဲ့ တပ်မတော်ကြားမှာ မကြာခဏဆိုသလို တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေရှိတယ်”

AA ဘက်က ရခိုင်မှာ အုပ်ချုပ်ရေးကို အစားထိုးဖို့ ကြိုးပမ်းလာတဲ့ကိစ္စ၊ ဒီလိုကြိုးပမ်းမှုကြောင့် ထိခိုက်နစ်နာရသူ တွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါ မြန်မာ အစိုးရ အနေနဲ့ အုပ်ချုပ်ရေးကို ထိန်းစရာမလိုတော့ကြောင်း၊ မြန်မာအစိုးရရဲ့ အုပ်ချုပ်ရေးကိုလည်း ရခိုင်ဒေသက အလိုမရှိတော့ကြောင်း၊ အကြမ်းဖက်လုပ်ရပ်လို့ ဦးဇော်ဌေး ပြောနေတာဟာ ပြောင်းပြန်ဖြစ်နေကြောင်း ခိုင်သုခက ပြောပါတယ်။ အရပ်သားတွေ ပိုထိခိုက်နစ်နာလာရမယ့်အပေါ် သဘောထားနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒါဟာ ခြိမ်းခြောက်မှုလို့မြင်ကြောင်း ကိုလိုနီစနစ်ဆိုးအောက်က ရုန်းထွက်ဖို့ ကြိုးစားရာမှာ အနည်းနဲ့အများ ထိခိုက်မှုတွေရှိတယ်ဆိုတာ ရခိုင်ပြည်သူတွေ နားလည်ထားကြောင်း  ခိုင်သုခက ပြောပါတယ်။

အစိုးရက ရခိုင်မြောက်ပိုင်း အုပ်ချုပ်ရေးပျက်ပြားလောက်အောင် အခြေအနေ မဆိုးသေးဘူးလို့ ပြောနေပေမယ့် ဒေသခံတွေကတော့ မြောက်ဦးမြို့မှာဆိုရင် အမှုအခင်းတွေကိုရဲတပ်ဖွဲ့က ထိထိရောက်ရောက် ကိုင်တွယ်ဆောင် ရွက်နိုင်တာမျိုး မရှိတဲ့အတွက်၊ AA အဖွဲ့ကို တိုင်ကြားနေရတယ်လို့ ပြောပါတယ်။

AA အဖွဲ့ကလည်း ဒေသခံတွေ တိုင်ကြားလာတဲ့အခါ မူးယစ်ရမ်းကားသူတွေ၊ ပြစ်မှုတစ်ခုခု ကျူးလွန်သူတွေကို AA အဖွဲ့ပိုင် စာရိတ္တပြုပြင်ရေး စခန်းတွေဆီကို ခေါ်ယူဆုံးမပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA ဘက်က အုပ်ချုပ်ရေးကဏ္ဍတွေမှာ လက်တွေ့ပါဝင်လာတာနဲ့အမျှ၊ တပ်မတော်ဘက်ကလည်း AA နဲ့ ဆက်နွယ်ပတ်သက်တယ်လို့ သံသယရှိတဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကို ဖမ်းဆီးတရားစွဲတာတွေ လုပ်လာပါတယ်။ ဒီအတွက် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေမှာ ကျေးရွာနဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ခဲ့ကြသလို၊ မြေပုံမြို့နယ်မှာလည်း အုပ်ချုပ်ရေးမှူး ၅၀ ကျော် နုတ်ထွက်စာတင်ထားကြပါတယ်။

တပ်မတော်အနေနဲ့ အစိုးရနဲ့ တိုင်ပင်ညှိုနှိုင်းပြီး AA အဖွဲ့ကို နှိမ်နင်းဖို့၊ အုပ်ချုပ်ရေးထိန်းသိမ်းဖို့ ကြိုးစားတဲ့အခါ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ မြေဇာပင်ဖြစ်နေရတဲ့ကိစ္စ၊ နှစ်ဘက်တိုက်ပွဲတွေကြောင့် အပစ်မဲ့ အရပ်သားတွေ သေဆုံးထိခိုက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး၊ တပ်မတော်ရဲ့ သဘောထားအမြင် သိရှိနိုင်ဖို့အတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဒီကနေ့ ညနေ ၅ နာရီအထိ အဆက်အသွယ် မရခဲ့ပါဘူး။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ AA အဖွဲ့က လက်တွေ့အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ပတ်သက်လာရင်၊ တပ်မတော်ဘက်ကလည်း စစ်အုပ်ချုပ်ရေး ကြေညာမှာဖြစ်ပြီး၊ အဲလိုကြေညာရင် ရခိုင်ပြည်သူတွေသာ ပိုပြီးထိခိုက်နစ်နာမယ်လို့ မှတ်ချက်ပေးပါတယ်။

“ချင်းပြည်နယ် ပလက်ဝဒေသတဝိုက်မှာ လုပ်ခဲ့တဲ့ ထိုးစစ်လောက်ကလွဲလို့ရှိရင် ကျန်တာတွေကတော့ ရဲစခန်းတွေတိုက်တာ၊ နောက်လမ်းတွေမှာ ဖောက်ခွဲရေးတွေလုပ်တာ မိုင်းတွေထောင်တာ၊ တပ်မတော် ယာဉ်တန်းတွေ ချောင်းပစ်တာ ဒီအဆင့်ပဲရှိပါသေးတယ်။ အဲဒီထက်ပိုပြီး မမြင်သေးပါဘူး။ မြောက်ပိုင်းမှာ ကျေးလက်ဒေသအနေနဲ့ အုပ်ချုပ်ရေး သူတို့ ထူထောင်ဖို့ ကြိုးစားတာတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျေးလက်ဒေသပဲ ရမှာပါ။ မြို့ပြနဲ့ ခရိုင်အုပ်ချုပ်ရေးတွေအထိ တက်လှမ်းနိုင်တဲ့ စစ်ရေးအခြေအနေအထိ မရောက်သေးပါဘူး။ အဲဒီအခြေအနေ ရောက်လာလို့ရှိရင်လည်း ရခိုင်စစ်မြေပြင်က စစ်အုပ်ချုပ်ရေး ဖြစ်လာနိုင်တဲ့ အနေအထားနဲ့ နောက်ဖြတ် ၄ ဖြတ် စတာတွေ လုပ်လာနိုင်တဲ့ အနေအထားပါ။ အဲလိုဖြစ်လာလို့ရှိရင်တော့ ရခိုင်လူထု ခုထက်ပိုပြီးတော့ နစ်နာမယ့် သဘောရှိပါတယ်”

သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ အုပ်ချုပ်ရေး အမြန်ဆုံး တည်ငြိမ်အောင်၊ အစိုးရက တတ်နိုင်သမျှကြိုးစားနေတယ်လို့ ဒီကနေ့ ဇွန်လ ၁၉ ရက် သတင်းစာရှင်းပွဲမှာ ပြောကြားထားပါတယ်။

ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ တဆက်တည်း ငြိမ်းချမ်းရေးကိစ္စအကြောင်း သတင်းထောက်တွေက မေးမြန်းရာမှာတော့၊ ဦးဇော်ဌေးက AA အပါအဝင် မြောက်ပိုင်း လေးဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အစိုးရက အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း၊ အခုချိန်ထိလည်း ကိုရိုနာကပ်ရောဂါကြောင့် လူချင်းမတွေ့နိုင်ရင်တောင် အွန်လိုင်းကနေ ဆွေးနွေးဖို့ ကမ်းလှမ်းထားကြောင်း၊ ဒါပေမဲ့ မြောက်ပိုင်းလေးဖွဲ့ဘက်က တိတိကျကျ တုံ့ပြန်တာမျိုး မရှိဘဲ၊ ကပ်ဘေးပြီးမှသာ တွေ့ဆုံဆွေးနွေးလိုကြောင်း အလွတ်သဘော တုံ့ပြန်ထားတယ်လို့ ရှင်းပြသွားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့