အိုင်စီဂျေအမှုအတွက် ငွေတောင်းခံမှုအပေါ် တပ်ကိုယ်စားလှယ် မေးခွန်းထုတ်

2020-05-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၆၈၀ ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ချပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းခံထားပါတယ်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းအောင်က ဒီလိုတောင်းခံတာဟာ ဥပဒေနဲ့ညီညွတ်ရဲ့လားဆိုပြီး မေလ ၂၂ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာပါ။

"နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာဦးစီးဌာနရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ သာမာန် အသုံးစရိတ် လုပ်အားအတွက် ကုန်ကျစရိတ်ခေါင်းစဉ်မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရေးအတွက် ကုန်ကျစရိတ်များ၊ သယ်ယူပို့ဆောင်ခ ခေါင်းစဉ်မှာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် သယ်ယူပို့ဆောင်စရိတ်များ၊ ဓာတ်ဆီစက်ဆီ ချောဆီခေါင်းစဉ်မှာ ပြည်ပကိုယ်စားလှယ်များ အသုံးပြုဖို့ ဗဟိုစက်ပစ္စည်းမှ ငှားရမ်းအသုံးပြုတဲ့ ယာဉ်နဲ့ ဆိုင်ကယ်များရဲ့ စက်သုံးဆီကုန်ကျစရိတ်များကို တင်ပြထားရာ ဒီဖြည့်စွက်တောင်းခံမှုတွေဟာ ဥပဒေနဲ့ညီရဲ့လား၊ လုပ်ထုံးလုပ်နည်းနဲ့ညီအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်"

၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်၊ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲ‌ဝေ သုံးစွဲရေး ဥပဒေကြမ်းရဲ့မူနဲ့ အခြေခံသဘောအပါအဝင် ရငွေသုံးငွေတွေနဲ့ပတ်သက်ပြီး မေလ၂၂ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ် ၁၈-ဦး ဝိုင်းဝန်းဆွေးနွေးစဉ်မှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က မေးခွန်းထုတ်ဆွေးနွေးခဲ့တာပါ။

ဒီလိုတောင်းခံမှုတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း သူကထောက်ပြဆွေးနွေးသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ဂမ်ဘီယာကမြန်မာအပေါ် တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ သုံးစွဲခဲ့တဲ့ကုန်ကျစရိတ်အပါအဝင် အိုင်စီဂျေနဲ့ဆက်စပ်ပြီး နောက်ထပ်ဆောင်ရွက်ဖို့ ကျန်ရှိတဲ့လုပ်ငန်းတွေအတွက် စုစုပေါင်းလိုငွေ ကျပ်သန်းပေါင်း ၆၈၀ အပြင် ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး အတွက် သယ်ယူပို့ဆောင်စားရိတ်စတာတွေကို ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံထားတာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုနဲ့ ဒီအပေါ်တပ်မတော်သား ကိုယ်စားလှယ်ရဲ့ မေးခွန်းထုတ်မှုတွေနဲ့ပတ်သက်ပြီး၊ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအသီးသီးက တင်ပြလာတဲ့ ဖြည့်စွက်ငွေတွေကိုစိစစ်ပြီး လွှတ်တော်ကို ပြန်တင်ပြတောင်းခံရတဲ့ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက ဒုဥက္ကဋ္ဌ ဦးအောင်မင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့

"အိုင်စီဂျေဆိုတာ နိုင်ငံတော်ကို တရားစွဲတာပါ အိုင်စီဂျေကိစ္စကို သွားရောက်ဖြေရှင်းတယ်ဆိုတာကလည်း နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာအတွက် နိုင်ငံဘက်ကနေရပ်တည်ပြီး နိုင်ငံအတွက် သွားရှင်းတာပါ။ အဲဒီအတွက် ဒီပိုက်ဆံတွေသုံးတယ်၊ ဒီပိုက်ဆံတွေ တောင်းလာတဲ့ကိစ္စကို စည်းမျဉ်းနဲ့ညီရဲ့လားလို့ သာမာန်အသိဉာဏ်ရှိတဲ့ လူတစ်ယောက်လို စဉ်းစားကြည့်လိုက်ပါ။ မေးသင့်သလား မမေးသင့်သလား၊ ကျနော်တို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စိစစ်မှုသည် တက်လာကတည်းက အဆင့်ဆင့်စိစစ်ပြီး တက်လာတယ် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနဲ့ညီညွတ်တဲ့ အသုံးစရိတ်တွေ ဖြစ်တဲ့အတွက် အဆင့်ဆင့်တာဝန်ယူပြီး တင်ပြလာတာဖြစ်တဲ့အတွက် ဒီအသုံးစရိတ်တွေသည် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ညီညွတ်တယ်လို့ ယုံကြည်တယ်"

အိုင်စီဂျေကိစ္စက ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပေါ်လာတဲ့အခါ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့  အိုင်စီဂျေ ကုန်ကျစရိတ်ကို ပုံမှန်အသုံးစရိတ်ထဲကနေ ထုတ်သုံးခဲ့တာဖြစ်ပြီး အဲလိုထုတ်သုံးခဲ့တာကြောင့် ပုံမှန်သုံးရမယ့် လုပ်ငန်းတွေအတွက် သုံးစရာငွေကြေးမရှိတော့လို့ ခုလို ဖြည့်စွက် ခွင့်ပြုငွေ ထပ်မံတောင်းခံတာဖြစ်တယ် လို့လည်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ  ဦးအောင်မင်းက  ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကိစ္စနဲ့ ပတ်သက်ပြီး ဖြည့်စွက်တောင်းခံလာတာကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနက လွှတ်တော်မှာ လာရောက်ရှင်းလင်းပေးတဲ့အခါမှာ အဖြေမှန်သိရမယ်လို့ သူကပြောပါတယ်။

ဝန်ကြီးဌာနအသီးသီးက တင်ပြလာတဲ့အသုံးစရိတ်တွေကို စီမံဘဏ္ဍာဝန်ကြီးဌာနက စိစစ်ပြီးနောက် ဒုသမ္မတ(၁) ဦးဆောင်တဲ့အဖွဲ့က ထပ်မံစိစစ်ပြီးမှသာ ဘဏ္ဍာရေးကော်မှရှင်ထံ တင်ပြရပါတယ်။ အဲဒီနောက်ဘဏ္ဍာရေးကော်မရှင်က အတည်ပြုချက်ကို လွှတ်တော်ငွေစာရင်း ပူးပေါင်းကော်မတီက ထပ်မံစိစစ်ကာ လွှတ်တော်ကို တင်ပြတောင်းခံရတာဖြစ်ပါတယ်။

အခု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရငွေက ကျပ်ငွေ ဘီလျံ နှစ်သောင်းခုနှစ်ထောင်ကျော်ဖြစ်ပြီး၊ သုံးစွဲငွေက ကျပ်ငွေ ဘီလျံ သုံးသောင်းလေးထောင်ကျော် ရှိပါတယ်။

ဒီအတွက် အစိုးရအဖွဲ့မှာ ကျပ်ငွေ ဘီလျံ ခြောက်ထောင်ကျော် လိုငွေပြနေပြီး အဲဒီအထဲကမှ မဖြစ်မနေသုံးစွဲရမဲ့ ကျပ်ငွေ ဘီလျံ နှစ်ထောင့်ခြောက်ရာခြောက်ဆယ်ကျော် (၂၆၆၀.၉၈၇) ကို၊ လက်ရှိကျင်းပနေတဲ့၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တောင်းခံထာပြီး ဒီကိစ္စအပေါ် လွှတ်တော်အမတ်တွေက ဝိုင်းဝန်းဆွေးနွေးနေတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့