မိုင်းပေါက်ကွဲလို့ ချောင်းတူရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရ

2019-05-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးမှာ မိုင်းပေါက်ကွဲလို့ ဒဏ်ရာရသွားတဲ့ ကိုကျော်နိုင်စိုးကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးမှာ မိုင်းပေါက်ကွဲလို့ ဒဏ်ရာရသွားတဲ့ ကိုကျော်နိုင်စိုးကို တွေ့ရစဉ်
Photo - Citizen Journalist

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးမှာ ဒီနေ့မနက်က မိုင်းပေါက်ကွဲလို့ ကျေးရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကျောက်တော်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက RFA ကို ပြောပါတယ်။

ချောင်းတူကျေးရွာက အသက် ၁၈ နှစ်အရွယ် ကိုကျော်နိုင်စိုးဟာ ရွာရဲ့အနောက်ဘက် နှစ်မိုင်ခန့်အကွာမှာ ဟင်းသွားရှာစဉ် သူနဲ့အတူပါလာတဲ့ ခွေးက မိုင်းနင်းမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်၊ လက်နဲ့ မျက်နှာနေရာအချို့မှာ ထိခိုက်မှုဖြစ်ခဲ့တာလို့ ချောင်းတူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက ပြောပါတယ်။

ချောင်းတူကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အဲဒီအထဲ ရွာသားထက်ဝက်ခန့်ဟာ တောတောင်တွေကို မှီခိုပြီး စားဝတ်နေရေးအတွက် ရပ်တည်ကြရတာလို့ ဆိုပါတယ်။

ဒီနေ့ မိုင်းပေါက်ကွဲမှုကြောင့် ရွာသားတွေအတွက် တောတောင်တွေထဲ ဝင်ရောက်ဖို့ ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

ချောင်းတူကျေးရွာအနီးမှာ အခုနှစ်ဆန်းပိုင်းလောက်က တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာရှိပေမယ့် အခုမိုင်းပေါက်ကွဲတဲ့နေရာကတော့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့ ဝေးတယ်လို့လည်း သိရပါတယ်။

ဒီနေ့ မိုင်းပေါက်တဲ့ဖြစ်စဉ်ကို ထူးခြားဖြစ်စဉ်အဖြစ်နဲ့ နယ်မြေရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြထားပြီး ဘယ်သူတွေရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ မိုင်းပေါက်ကွဲတာ၊ မိုင်းနင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေဟာ ၁၀ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့