တပ်မတော်နဲ့ AA အဖွဲ့ တွေ့ဆုံဆွေးနွေးဖို့လိုကြောင်း ရခိုင်ပြည်နယ်အစိုးရပြော

2019-04-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား နှစ်ဘက်အပစ်အခတ်ရပ်စဲပြီး ကောင်းမွန်တဲ့အဖြေတစ်ခုကို ရအောင် နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးဖို့လိုနေပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်အရေးကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဒီနေ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာ ဝန်ကြီး ဦးဝင်းမြင့် က ပြောကြားခဲ့တာပါ။

အဲဒီဒုက္ခသည်အရေးနဲ့ပတ်သက်လို့ အစိုးရက အစစအရာရာတာဝန်ယူနေရတဲ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုလိုဖြစ်နေပြီး ဒုက္ခသည်တွေ အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက်စလုံးက အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးစားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ ဝန်ကြီးဦးဝင်းမြင့်က ပြောခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘာတွေ ဆောင်ရွက်ပေးနိုင်သလဲလို့ RFA ကမေးမြန်းရာမှာ တော့ နှစ်ဘက်လိုလားချက်တွေကို ညှိနှိုင်းမှသာ ပြေလည်မှုရနိုင်မယ်လို့မြင်ပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရက တိုက်ရိုက်ပြောဆိုနိုင်ခြင်းမရှိဘူးလို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ပြည်နယ်အစိုးရရဲ့စာရင်းတွေအရ  ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင် စတဲ့မြို့နယ် ခုနစ်ခုမှာ ဧပြီလ ၂၁ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၇၂၇၀ ကျော်နဲ့ လူဦးရေ ၃၂၀၀၀ နီးပါးဟာ ကယ်ဆယ်ရေးစခန်းပေါင်း ၁၀၀ လောက်မှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့