AI ထုတ်ပြန်ချက် မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့ တုံ့ပြန်

2019-05-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်မှာ ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့ကကျင်းပတဲ့ ၇၃ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်
နေပြည်တော်မှာ ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့ကကျင်းပတဲ့ ၇၃ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ခဲ့တဲ့ စစ်ဆင်ရေး ကာလတွေမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA နှစ်ဖွဲ့စလုံးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ အထောက်အထားမဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ နှစ်ဘက်ပြောရေးဆိုခွင့်ရှိသူတွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ဆင်ရေးဟာ သောင်းကျန်းမှုနှိမ်နှင်းတဲ့ စစ်ဆင်ရေးဖြစ်ကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေကို ဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်ပြီး AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေဟာ အထောက်အထားမဲ့တဲ့ စွပ်စွဲချက်တွေ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကလည်း စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ AI ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး မြန်မာ့တပ်မတော်အပေါ် ကူညီပေးသူတွေကို AA အဖဲ့ွ ဖမ်းဆီးစစ်ဆေးတာ ရှိပေမယ့် ဥပဒေမဲ့ သတ်တာတော့ မရှိဘူးလို့ ပြောပါတယ်။

AI အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စွပ်စွဲချက်တွေကို အထောက်အထားတွေနဲ့တကွ ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

AI ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ မြန်မာ့တပ်မတော်ဘက်က လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး အရပ်သားတွေကို သတ်ဖြတ်တာတွေ၊ ဥပဒေမဲ့ဖမ်းဆီးတာတွေ၊ လက်စဖျောက်တာတွေရှိခဲ့တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်မတော် AA ကလည်း အရပ်သားတွေကို ပြန်ပေးဆွဲတာတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံ စီးပွားရေးသမားတွေကို သူတို့ရဲ့ စစ်ဆင်ရေးမှာ ဝင်ရောက်နှောင့်ယှက်ရင် အသက်အန္တရာယ်ပေးမယ်ဆိုတဲ့ ကျည်တစ်တောင့်စီပါတဲ့ ခြိမ်းခြောက်စာ ပေးပို့တာတွေ ရှိခဲ့တယ်လို့ AI က ထောက်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ဟာ “ဘယ်သူမှကျနော်တို့ကို မကာကွယ်ပေးနိုင်ဘူး” လို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ နာမည်နဲ့ ရခိုင်ပြည်နယ်က စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။

ဒီအစီရင်ခံစာမှာ ဒီနှစ် ဇန်နဝါရီလကစလို့ မြန်မာ့တပ်မတော်ဘက်က အရပ်သားတွေအပေါ် ပြစ်မှု ကျူးလွန်ခဲ့တာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။

တပ်မတော်သားတွေဟာ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး အရပ်သားတွေကို သတ်တာတွေ၊ ဥပဒေမဲ့ဖမ်းဆီးတာတွေနဲ့ အတင်းအကြပ်ဖမ်းဆီးပြီး လက်စဖျောက်တာတွေရှိခဲ့တယ်လို့ AI က ပြောထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်တာတွေဟာ AA ကို အမြစ်ပြတ်ချေမှုန်းဖို့ အမိန့်ပေးပြီးနောက် ပိုဆိုးလာခဲ့ပြီး တပ်သားသစ်တွေ ထပ်ပို့တဲ့အခြေအနေတွေအရ တပ်မတော်ထိပ်တန်းအရာရှိတွေလည်း ဒီကိစ္စတွေမှာပါဝင်တယ်လို့ ပြောရမှာဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဒီလိုအခြေအနေတွေအရ မြန်မာ့တပ်မတော်ဟာ နောင်တမရ၊ ပြောင်းလဲခြင်းမရှိ၊ တာဝန်ယူမှုမရှိဘဲ အရပ်သားတွေကို ခြောက်လှန့်ပြီး ထိတ်လန့်အောင်လုပ်နေဆဲ ဖြစ်တယ်လို့ AI အဖွဲ့ရဲ့ အရှေ့နဲ့ အရှေ့တောင် အာရှဆိုင်ရာ ဒါရိုက်တာ Nicholas Bequelin က ပြောပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုတုံ့ပြန်ပါတယ်။

"အထောက်အထားမရှိဘဲ စွပ်စွဲတယ်လို့ ကျနော်တို့ ပြောလိုတယ်။ ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့အခါ ဘယ်နှစ်ယောက် လွတ်သွားပြီ။ ဘယ်နှစ်ယောက်ကတော့ ရှိသေးတယ်။ ဘယ်ဟာတွေကိုတော့ တရားစွဲတင်ထားတယ်။ ကျနော်တို့ မြန်မာနိုင်ငံက တရားဥပဒေတွေနဲ့ တရားစွဲတင်တာပဲ ဖြစ်တယ်။ ဥပဒေမညီဘဲ ထိန်းသိမ်းထားတာ၊ လက်လွတ်စပယ် လုပ်နေတာမျိုးမရှိဘူး။ ရခိုင်ပြည်နယ်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးသည် သောင်းကျန်းမှုနှိမ်နှင်းရေး စစ်ဆင်ရေး၊ နိုင်ငံတော်အစိုးရကို လက်နက်စွဲကိုင်ပြီး သောင်းကျန်းနေတာဖြစ်တယ်။ ဒါသည် နိုင်ငံရေးပြစ်မှုလို့ ကျနော်တို့က သတ်မှတ်ပါတယ်"

လူ့အခွင့်ရေးချိုးဖောက်မှုတွေကို မြန်မာတပ်မတော်က အများစု ကျူးလွန်နေချိန်မှာ ရက္ခိုင့်တပ်မတော် AA ကလည်း အရပ်သားတွေကို ပြန်ပေးဆွဲတာတွေ၊ ခြိမ်းခြောက်တာတွေရှိခဲ့တယ်လို့ AI က ဆိုပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ကင်းတလင်းကျေးရွာအပါအဝင် ကျေးရွာ လေးခုက ဒေသခံ ၁၀၀ ကျော်ကို AA က ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ချင်း လူအခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချနေကြတာပါ။

ရက္ခိုင့်တပ်မတော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပလက်ဝမြို့နယ်ထဲက ခူမီးနဲ့ ရခိုင်တိုင်းရင်းသားတွေကို သူတို့က ဖမ်းဆီးထားတာမဟုတ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက် ခေါ်ဆောင်လိုသူတွေရှိရင် ခေါ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

"တကယ်သွားတွေ့ချင်တယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားတွေ့၊ သူတို့ဘက်က ထမင်းကျွေးနိုင်လို့ရှိရင် ကျနော်တို့ဘက်က ပိုပြီးတော့မှ ဝမ်းသာဦးမှာ အဲဒီလူတွေကို သူတို့ခေါ်သွားမယ်၊ လုံလုံခြုံခြုံနဲ့ တစ်နေရာရာမှာ ထားမယ် အဲလိုကူညီနိုင်ရင် ကျနော်တို့ဘက်က အများကြီး ကျေးဇူးတင်မှာ အခုဆိုရင် အဲလူတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က ပြောမယ်ဆိုရင် တစ်ခါတလေ ရိက္ခာတွေမလောက်လည်း ကျနော်တို့က ကူညီပေးရတာရှိတယ်။ အစစအရာရာ လိုက်ပြီးတော့ ကူညီပေးရတာတွေရှိတယ်။ ပြောမယ်ဆိုရင် ဝန်ထုတ်ဝန်ပိုးဖြစ်တာပေါ့။ အဲလိုမျိုးအခု လူ့အခွင့်အရေးအဖွဲ့လို့ အော်နေကြတဲ့လူတွေ လာခေါ်ရင် ကျနော်တို့က အတိုင်းမသိ ကျေးဇူးတင်မှာ"

စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်ကြောင်း၊ မြန်မာ့တပ်မတော်နဲ့ ဆက်စပ်သူတွေ၊ ကူညီပေးသူတွေကို AA က ဖမ်းဆီးစစ်ဆေးတာရှိပေမယ့် ဥပဒေမဲ့ သတ်တာတွေ မရှိဘူးလို့ ခိုင်သုခ ကပြောပါတယ်။

AI ရဲ့ ကြေညာချက်မှာ AA တပ်သားတွေဟာ ကျေးရွာတွေ၊ မြို့ပြတွေအနီးမှာ စစ်ဆင်ရေးတွေလုပ်ပြီး ဒေသခံ အရပ်သားတွေကို အန္တရာယ်ထဲကျအောင် လုပ်တာတွေရှိသလို ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံ စီးပွားရေး သမားတွေကို သူတို့ရဲ့ စစ်ဆင်ရေးမှာ ဝင်ရောက်နှောင့်ယှက်ရင် အသက်အန္တရာယ်ပေးမယ်ဆိုတဲ့ ကျည်တစ် တောင့်စီပါတဲ့ ခြိမ်းခြောက်စာ ပေးပို့တာတွေလည်း ရှိခဲ့တယ်လို့လည်း ပြောထားပါတယ်။

မြန်မာ့တပ်မတော်ဘက်က ဆောင်ရွက်ချက်တွေထဲမှာဆိုရင် ပြည်တွင်းသတင်းဌာန သုံးခုက အယ်ဒီတာတွေကို အမှုဖွင့်တိုင်ကြားတာတွေရှိခဲ့ပြီး ဒါတွေဟာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေနဲ့ ပတ်သက်ပြီး သတင်းမရေးသားရဲအောင် ဟန့်တားမှုဖြစ်တဲ့အပြင် လွတ်လပ်စွာရေးသားဖော်ပြခွင့်ကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း ဆိုပါတယ်။

ဒီလုပ်ဆောင်ချက်တွေအပေါ် NLD အစိုးရအနေနဲ့ တားမြစ်နိုင်တဲ့ အခွင့်အာဏာရှိပြီး သတင်းထောက်တွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေတွေ ကို ပြုပြင်ဖို့လိုတယ်လို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

အစိုးရအပေါ် ထောက်ပြချက်နဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က အစိုးရအနေနဲ့ လက်ရှိမှာ လုပ်နိုင်သလောက်ကို အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

"ကျနော်တို့ လက်ရှိမှာ ကျနော်တို့ လုပ်နိုင်တဲ့အလုပ်တွေကို အစွမ်းကုန်လုပ်နေတယ်။ ကျနော်တို့ မလုပ်နိုင်တာတွေ အတွက်က လုပ်နိုင်တဲ့ အခြေအနေရောက်အောင်လည်း ကြိုးစားနေပါတယ်။ အဓိကတော့ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ရင် လုံခြုံရေးအကြောင်းပြချက်တွေကလည်း အမြဲတမ်းဝင်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ လုံခြုံရေးအတွက် နှစ်ဘက် နားလည်မှုရှိတဲ့ အခြေအနေမျိုးပေါ်လာရင် ပွင့်လင်းမြင်သာမှုကို ပိုပြီးတော့ အကောင်အထည်ဖော်နိုင် လိမ့်မယ်လို့ ထင်ပါတယ်"

ရိုဟင်ဂျာ မွတ်စလင်တွေကို ရခိုင်ပြည်နယ်ကနေ မောင်းထုတ်ပြီး တစ်နှစ်ခွဲအကြာမှာ ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်လာတာဖြစ်ပြီး ဒီအဖြစ်အပျက်တွေနည်းတူ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်ဖို့ သင့်တယ်လို့ AI က ပြောထားပါတယ်။

တပ်မတော်သားတွေဟာ ရာဇဝတ်မှုတွေကို ရဲရဲဝံ့ဝံ့ ကျူးလွန်လာတဲ့အပေါ် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ အချိန်ကျနေပြီလို့လည်း အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာ့တပ်မတော်ရဲ့ ရာဇဝတ်မှှုကျူးလွန်မှုတွေကို ရပ်တန့်အောင်လုပ်ဖို့ ပျက်ကွက်နေပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တာမို့ သူတို့ရဲ့ တာဝန်တွေကို အလေးအနက်ထား ဆောင်ရွက်သင့်ပြီလို့ AI အဖွဲ့ရဲ့ အရှေ့နဲ့ အရှေ့တောင် အာရှဆိုင်ရာ ဒါရိုက်တာ Nicholas Bequelin က ပြောပါတယ်။

ဒီလိုပြောကြားချက်နဲ့ ပတ်သက်လို့ အာရှလူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး က တိုက်ပွဲတွေရပ်စဲသွားတဲ့အခါမှ ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူဖို့ နိုင်ငံတကာက ဖိအားပေးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ပြည်တွင်းစစ် ဖြစ်ပွားတဲ့ဒေသတွေမှာ တပ်မတော်သားတွေအနေနဲ့ တရားလက်လွတ် လုပ်မိတာတွေရှိမယ်။ အသက်အန္တရာယ်နဲ့ ရင်းပြီးဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘဲ ကျူးလွန်မိတာတွေလည်း ရှိမှာပေါ့။ ဒါတွေကို တပ်မတော်စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ အရေးယူမယ်ဆိုရင် အရေးယူလို့ရပါတယ်။ တိုက်ပွဲတွေပြီးသွားမှလည်း ဒါတွေကို အရေးယူလို့ရမှာလေ။ တိုက်ပွဲတွေက ဆက်ရှိနေတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဘယ်လိုလုပ်တိုက်တွန်းနိုင်မလဲ"

စစ်ပွဲတွေအတွင်း ဓာတုလက်နက်တွေသုံးနေတာ၊ သာမာန်အရပ်သားပြည်သူတွေကို အစုလိုက်အပြုံ လိုက်သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ကလေးငယ်တွေကို သတ်ဖြတ်တာ စတဲ့ ကိစ္စရပ်တွေ မရှိခဲ့တာကြောင့် ICC တင်ရလောက်အောင် မြန်မာနိုင်ငံရဲ့ စစ်ရေးအခြေအနေက မဆိုးသေးဘူးလို့လည်း ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

လက်တွေ့မှာတော့ တိုက်ပွဲဖြစ်ရာဒေသတွေမှာ ဒေသခံတွေကို အစိုးရတပ်မတော်က AA အဖွဲ့နဲ့ပတ်သက်တဲ့ သတင်းတွေ ပေးဖို့နဲ့ ရွာတွေအတွင်းကို AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတာကို လက်မခံဖို့ ဖိအားပေး ပြောတာတွေရှိသလို AA ဘက်ကလည်း အစိုးရတပ်မတော်နဲ့ ဆက်သွယ်မှုရှိတဲ့ ဒေသခံတွေကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်စာပို့တာ တွေရှိနေပြီး ဒေသခံတွေက လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုလုံးကို ကြောက်ရွံနေရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့