မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် ခန့်အပ်

2016-01-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် ခန့်အပ်ဖို့ သမ္မတ အိုဘားမားက အဆိုပြုရွေးချယ်ထားတဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Scot Marciel ကို အဖွဲ့ဝင် ၁၉ ဦးပါ ဆီးနိတ်ကော်မတီက မနေ့က ကန့်ကွက်သူမရှိ တညီတညွတ် အတည်ပြုလိုက်ပါတယ်။

Mr.Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် တရားဝင်ခန့်အပ်ခွင့်ရဖို့အတွက် အမေရိကန် ဆီးနိတ် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့က ကြားနာပွဲကျင်းပခဲ့ပါတယ်။ အဲဒီနောက် မနေ့က ဆီးနိတ်ကော်မတီ က အတည်ပြုခဲ့တာပါ။ တာဝန်မထမ်းဆောင်ခင် အထက်လွှတ်တော်တစ်ရပ်လုံးရဲ့ ထောက်ခံချက် ရယူရဦးမှာဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ၂ဝ၁၂ခုနှစ် ဇွန်လ က စတင်တာဝန်ယူခဲ့တဲ့ မစ္စတာ ဒဲရစ်မစ်ချယ်ဟာ မကြာခင် တာဝန်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ သံအမတ်အဖြစ် တာဝန်ယူတော့မယ့် Mr.Scot Marciel ဟာ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ၂ဝ၁ဝ ခုနှစ်ကနေ ၂ဝ၁၃ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူတဲ့ မူဝါဒဟာ မြန်မာ့အပြောင်းအလဲတွေအတွက် အထောက်အကူဖြစ်စေ တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဆီးနိတ်ကော်မတီ ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူရေးမူဝါဒကို မြန်မြန် ဆန်ဆန် ပြောင်းလဲမှာမဟုတ်ကြောင်း အိုဘားမားအစိုးရက အခိုင်အမာပြောဆိုပြီးမှသာ အခုလို သံအမတ်သစ်ခန့်အပ်မှုကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့