သူရဦးရွှေမန်း ဦးဆောင်ကော်မရှင် ဥပဒေ ၂၀၀ ကျော် ပြင်ဆင်ပယ်ဖျက် ဖို့ စိစစ်

2016-02-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားမှာ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ မန်းဝင်းခိုင်သန်းနဲ့ ဦးဝင်းမြင့် တို့ကိုတွေ့ရစဉ်
ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားမှာ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ မန်းဝင်းခိုင်သန်းနဲ့ ဦးဝင်းမြင့် တို့ကိုတွေ့ရစဉ်
Photo: Thura U Shwe Mann Facebook

ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဟာ ပြဌာန်းပြီးသား ဥပဒေပေါင်း ၂၀၀ ကျော်ကို ပြင်ဆင်ပယ်ဖျက်ဖို့ စိစစ်နေတယ်လို့ သိရပါတယ်။

ကော်မရှင်အနေနဲ့ ပြန်လည်ပြင်ဆင်၊ ပြဌာန်းဖို့ လိုအပ်မယ့် ဥပဒေတွေကို စိစစ်နေပြီး ပြည်သူတွေဘက်ကလည်း အကြံဉာဏ်တွေပေးနိုင်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်းက ပြောပါတယ်။

"တိုင်းပြည်အတွက် ကောင်းမယ်ဆိုလို့ရှိရင် အကြံဉာဏ်တွေလည်း ပေးနိုင်တယ်ဆိုတဲ့ ဟာမျိုးပေါ့နော်၊ အခုဟာ ကတော့ ပြင်ဆင်ပြဌာန်းမယ့် ဥပဒေတွေကို လိုက်ပြီးတော့ပြန်စိစစ်တယ်၊ အဲ့အဆင့်လောက်ပဲရှိပါသေးတယ်၊ ကျန်တာဘာမှမလုပ်ရသေးဘူး၊ နိုင်ငံတော်မှာ ပြဌာန်းပြီးသားဥပဒေတွေ ပြင်ဆင်ဖို့ ပယ်ဖျက်ဖို့ အသစ်ပြဌာန်းဖို့ ဆိုတဲ့ဟာတွေက ဘယ်နှစ်ခုရှိတယ်ဆိုတာ အဲ့အလုပ်တွေပဲလုပ်နေပါတယ်"

ကော်မရှင်အနေနဲ့ လက်ရှိအချိန်အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ပတ်သက်ပြီး ပြင် ဆင်ပြဌာန်းဖို့အတွက် ဆွေးနွေးတာမျိုးမရှိသေးဘူးလို့လည်း ဦးစောလှထွန်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဟာ မနေ့ က နေပြည်တော်မှာ အစည်းအဝေးကျင်းပခဲ့ပြီး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီကော်မရှင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင်ဖဲ့ွစည်းခဲ့တာဖြစ်ပြီး ဥက္ကဌအဖြစ် သူရဦးရွှေမန်း၊ ဒုတိယဥက္ကဌအဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်နဲ့ အဖွဲ့ဝင်တွေ အဖြစ် အငြိမ်းစားတွဲဖက်စစ်ထောက်ချုပ် ဦးခင်မောင်ထွန်း၊ အငြိမ်းစားညွှန်ကြားရေးမှူး ဦးကျင်ဖေ၊ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မြင့်ဖေ စတဲ့ အဖွဲ့ဝင် ၂၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ ၂၃၂ ခုကို အတည်ပြုနိုင်ခဲ့ပြီး  လက်ရှိ ဒုတိယအကြိမ် လွှတ်တော်မှာ ဆွေးနွေးဖို့ ဥပဒေကြမ်းပေါင်း ၄၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့