သူရဦးရွှေမန်းကို လွှတ်တော်ကော်မ ရှင် အကြီးအကဲ ခန့်အပ်

2016-02-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း ကို တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း ကို တွေ့ရစဉ်
Photo: Thura U Shwe Mann Facebook

သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို အငြိမ်းစားအစိုးရ ထိပ်တန်းအရာရှိအများစုနဲ့ ပြည်သူ့လွှတ်တော်က ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီကော်မရှင်ဟာ တည်ဆဲဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်တာ၊ အသစ်ပြဌာန်းတာတွေကို လွှတ်တော်ဥက္ကဌက တဆင့် လွှတ်တော်ထံ တင်သွင်းရမှာဖြစ်တယ်လို့ ကော်မရှင်ရဲ့လုပ်ငန်းတာဝန်တွေကို လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က လွှတ်တော်မှာ ဖတ်ကြားခဲ့ပါတယ်။

"ကော်မရှင်သည် တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြ ဌာန်းနိုင်ရေးတို့ကို လွှတ်တော်ဥက္ကဌမှတဆင့် လွှတ်တော်ကိုတင်ပြရမည်၊ အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ၄င်းကိစ္စရပ်များအား ဥပဒေအမြင်နဲ့ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဌမှတဆင့် လွှတ်တော်ကို အစီရင်ခံတင်ပြရပါမည်၊ လွှတ်တော်ဥက္ကဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်၊ လွှတ်တော်ဥက္ကဌက ကဏ္ဍအလိုက်သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ်ဆောင်ရွက်ရမည်၊ လွှတ်တော်ဥက္ကဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဥာဏ်တောင်းခံသည့်အခါ အကြံဥာဏ်ပေးရမည်"

ကော်မရှင်မှာ ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၂၃ ဦးရှိပြီး၊ အဖွဲ့ဝင်တွေထဲမှာ အငြိမ်းစားဦးဆောင် ညွှန်ကြားရေးမှူးအဆင့်ရှိသူတွေ၊ အငြိမ်းစားသံအမတ်ကြီးတစ်ဦး၊ တွဲဘက်စစ်ထောက်ချုပ် အငြိမ်းစားတစ်ဦးတို့ ပါဝင်ပါတယ်။

ကော်မရှင်ရဲ့ သက်တမ်းကို တစ်နှစ်သတ်မှတ်ထားပေမယ့် တစ်နှစ်ပြည့်တဲ့အခါ လိုအပ်ရင်သက်တမ်း တိုးနိုင်တယ်လို့ သိရပါတယ်။

ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ကမ်းလှမ်းတာကို လက်ခံပြီး လစာငွေမယူဘဲ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ သူရဦးရွှေမန်းက ကြေညာလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အခွင့်အရေးကော်မတီနဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။

အလားတူ အမျိုးသားလွှတ်တော်ရဲ့ လွှတ်တော်အခွင့်အရေးကော်မတီနဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းလိုက်ပါတယ်။

ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်းကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာနားဆင်နိုင်ပါတယ်။

အဲဒီကော်မရှင်ရဲ့ တာဝန်လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့