လူမျိုးရေးခွဲခြားမှုတွေ မလုပ်ဖို့ မြန်မာအစိုးရကို UN သတိပေး

2019-06-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံတဲ့ မြန်မာအစိုးရမူဝါဒကြောင့် ပါဝင်ပတ်သက်မှု မဖြစ်စေဖို့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီပံ့ပိုးမှု ရပ်ဆိုင်းထားမယ်လို့ ကုလသမဂ္ဂက မြန်မာအစိုးရကို သတိပေးပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂက သတိပေးတဲ့စာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ထံ ဇွန်လ ၇ ရက်နေ့မှာ ပေးပို့လိုက်တာဖြစ်ကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက RFA ကို အတည်ပြုပြောဆိုပေမယ့် စာမှာပါဝင်တဲ့ အကြောင်းအရာတွေကိုတော့ အသေးစိတ်ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ကုလသမဂ္ဂရဲ့ သတိပေးစာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို RFA က ဆက်သွယ် ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရာအရှိတစ်ဦးကတော့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းတွေ ရှိပြီး အကူအညီရပ်ဆိုင်းမယ်ဆိုတဲ့ စာကိုပေးပို့ထားတာမရှိကြောင်း RFA ကိုပြောပါတယ်။

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မြန်မာအစိုးရက ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ အခြေခံကျတဲ့ ပြောင်းလဲမှုတွေ မရှိလာဘူးဆိုရင် အဲဒီဒုက္ခသည်စခန်းတွေအတွက် ပေးထားတဲ့ အကူအညီတွေထဲက အရေးတကြီး လူ့အသက်ကယ်တဲ့ အကူ အညီတွေကလွဲပြီး ကျန်တဲ့ထောက်ပံ့ကူညီမှုတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ကုလသမဂ္ဂရဲ့ သတိပေးစာမှာဖော်ပြထားတယ်လို့ လန်ဒန်ထုတ် The Guardian သတင်းက ရေးသားပါတယ်။

ပိတ်ပင်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်ပြီး လက်ဆုတ်လက် ကိုင်ပြနိုင်လောက်တဲ့ တိုးတက်မှုမျိုး ရှိလာမှသာ ကုလသမဂ္ဂအနေနဲ့ အကူအညီတွေ ဆက်ပေးသွားနိုင်မှာဖြစ်ပြီး လက်ရှိမြန်မာအစိုးရရဲ့ မူဝါဒဟာ လူမျိုးရေးခွဲခြားမှုကို အမြစ်တွယ်စေတယ်လို့ ကုလသမဂ္ဂက ပေးပို့တဲ့စာထဲမှာ ရေးသားထားကြောင်း The Guardian သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲတိုက် နဲ့ ကိုကျော်ထွန်းနိုင် တို့ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့