အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ရှိမရှိ၊ ICC အရေးယူဖို့သင့်မသင့် ကုလလုံခြုံရေးကောင်စီကြားနာမည်

2018-10-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၈ အောက်တိုဘာလ ၁၆ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။
၂ဝ၁၈ အောက်တိုဘာလ ၁၆ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။
UN Photo/Rick Bajornas

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အခုလအတွင်း ကြားနာပွဲပြုလုပ်ပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ကိုးနိုင်ငံက မနေ့က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်ဆလင်တွေ အပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်.. ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ကြားနာဖို့ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲက အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ဦးဆောင်ပြီး တောင်းဆိုလိုက်တာပါ။

အခုလို ကြားနာပွဲလုပ်မယ့် ကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွန်းက လုံခြုံရေးကောင်စီကို စာပေးပို့ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေစုံစမ်းရေး မစ်ရှင်အဖွဲ့ (Fact Finding Misssion) ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ သြဂုတ်လက အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ ဒီအစီရင်ခံစာမှာ…မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲထားပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူဖို့၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို ပစ်မှတ်ထား အရေးယူပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာ စစ်ဆေးအရေးယူဖို့ တောင်းဆိုထားပါတယ်။

လုံခြုံရေးကောင်စီကြားနာပွဲကို ဗီတိုအာဏာသုံးနိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင် သုံးနိုင်ငံက တောင်းဆိုတာဖြစ်ပေမယ့် အရေးယူရေးကိစ္စမှာ တခြား ဗီတိုအာဏာသုံးနိုင်တဲ့ တရုတ်နဲ့ရုရှားတို့က မြန်မာဘက်က အကာကွယ်ပေးနိုင် တယ်လို့ သံတမန်တွေက ပြောကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံထဲက သုံးနိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ခြောက်နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးထားတဲ့အတွက် ဆွေးနွေးကြားနာပွဲကို ဗီတိုနဲ့ပိတ်ပင်လို့မရဘူးလို့ သိရပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတွေကတော့... မြန်မာနိုင်ငံကိစ္စကို လုံခြုံရေးကောင်စီမှာ တိုက်ရိုက်မတင်သင့်သေးဘဲ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးဆိုင်ရာ တတိယကော်မတီ အဖွဲ့နဲ့သာ ပထမဆုံး အရေးယူဆောင်ရွက်ဖို့ သဘောထားရှိတယ်လို့လည်း နိုင်ငံတကာသံတမန်တွေက ပြောပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

80 % of Myanmar people suspect on the Myanmar's Army.

Oct 17, 2018 06:22 AM

ဆိုက်တခုလုံးသို့