မင်းပြားမြို့နယ်က ကျေးရွာ ၃၀ ခန့် ရိက္ခာနဲ့ ဆေးဝါးခက်ခဲနေ

2019-08-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြေပုံကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မြေပုံကို တွေ့ရစဉ်
Photo: Google Map

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုန်သာချောင်းအထက်ပိုင်းမှာရှိတဲ့ ကျေးရွာပေါင်း ၃၀ လောက်ကို တပ်မတော်က သွားလာခွင့်ပိတ်ပင်ထားတဲ့အတွက် အစားအသောက်နဲ့ ဆေးဝါးလိုအပ်တဲ့ အခက်အခဲတွေဖြစ်နေတယ်လို့ ကျောက်မှော်ရွာ ဒေသခံ ကိုညီချေက RFA ကိုပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့ကတည်းက တပ်မတော်က မင်းပြားမြို့နယ် ဖုန်သာချောင်းဝကနေ သွားလာခွင့်ကို ပိတ်လိုက်တဲ့အတွက် ချောင်းတစ်လျှောက်ရဲ့ အထက်ပိုင်းကရွာတွေမှာ စားနပ်ရိက္ခာတွေလည်း ပြတ်ကုန်ကြသလို ကျန်းမာရေးအတွက် ဆေးကုသဖို့လည်း အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအတွက်လည်း အခက်အခဲဖြစ်နေတယ်လို့ ကျောက်မှော်ရွာ ဒေသခံ ကိုညီချေက RFA ကိုပြောပါတယ်။

"ဟုတ်တယ်အကို၊ ကျွန်တော်တို့ ဖုန်သာချောင်းတစ်လျှောက်လုံးကြတော့ စားနပ်ရိက္ခာ ပိတ်နေတယ်၊ အဲဒါကျတော့ မြန်မာ့တပ်မတော်ကနေပြီးတော့ အသွားအလာမရှိရဘူး ဖြစ်နေတယ်၊ အကုန်လုံးကတော့ ရွာပေါင်း ၃၀ ကျော်လောက် အဆက်အသွယ်ပြတ်နေတယ်၊ အကုန်လုံး ရွာတွေက အပိတ်ဆို့ခံထားရတယ်၊ ဆိုးတာကတော့ ဘာဆိုးလည်းဆိုတော့ ဒီကျန်းမာရေးအပိုင်းတို့ သက်ကြီးသူအိုတို့ အဲဒီလူတွေကတော့ သွားလာရ တော်တော်ခက်ခဲနေတယ်၊ လိုက်ပို့တဲ့သူတွေကိုတော့ သူတို့ဆီမှာနေပြီးတော့ ဓာတ်ပုံရိုက်တာတို့ ပြီးတော့ အုပ်ချုပ်ရေးမှူးထောက်ခံစာတို့ အဲလိုပေးပီး လိုက်ပို့တာတောင်မှ လိုက်ပို့ပြီးပြန်လာရင် သူတို့က မသွားရဘူး၊ အဲ့လိုမျိုးလုပ်တာ"

တပ်မတော်ကတော့ မသင်္ကာတဲ့သူတွေ အဖျတ်အမှောက်လုပ်ငန်း မလုပ်နိုင်အောင်လို့ ရဲ့တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ဆေးနေတာပဲရှိတယ်လို့ တပ်တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"မင်းပြားမြို့မှာ ကျွန်တော်တို့ ပိတ်ထားတာတော့မရှိဘူး၊ ဟိုဘက်မှာတော့ ကျွန်တော်တို့ သိရသလောက်တော့ ပလက်ဝဘက်မှာတော့ သွားလာမှုတွေကိုတော့ တက်တဲ့ဆင်းတဲ့ သွားလာမှုတွေကိုတော့ ကျွန်တော်တို့စစ်ဆေးတဲ့အပိုင်းတော့ ရှိတယ်၊ စစ်ဆေးတဲ့အပိုင်းကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးစစ်ဆေးတာရှိတယ်၊ အဓိကကတော့ မသင်္ကာတဲ့သူတွေ ပါမသွားစေဖို့ အဖျက်အမှောက်လုပ်ငန်းတွေမလုပ်စေဖို့ ဆောင်ရွက်နေတာ"

ဖုန်သာချောင်းအထက်ပိုင်းတစ်လျှောက်က ပလူချောင်း၊ စိတ္တရ၊ ကျောက်ဆုံ၊ တောင်ပုက္ကေ၊ ခွဆုံ၊ ပုလဲတောင်၊ ကျောက်မှော်၊ ငတက်၊ စေတီရံနဲ့ ဒုံးသား အပါဝင် ကျေးရွာပေါင်း ၃၀ နီးပါး အပိတ်ခံထားရပြီး အဲဒီရွာတွေမှာ စုစုပေါင်း လူဦးရေ ထောင်နဲ့ချီရှိနေတယ်လို့ သိရပါတယ်။

စစ်သားတွေက ပလူချောင်းရွာထဲကို ဝင်ရောက်ပြိး နေအိမ်တွေမှာ ဝင်ရောက်ရှာဖွေစစ်ဆေးတာ၊ ပစ္စည်းတွေကို ယူဆောင်တာတွေ လုပ်ဆောင်တဲ့အပြင် မင်းပြားကနေ ဆန်သယ်ဖို့ကိုလည်း တားဆီးထားတဲ့အတွက် စားနပ်ရိက္ခာအခက်အခဲတွေ ကြုံနေရတယ်လို့ စိတ္တရရွာသား ကိုမောင်သန်းဝင်းက ပြောပါတယ်။

"သူတို့က အိမ်တွေဘာတွေကို ထုပြီးတော့ခွဲထားတာ၊ ထုခွဲပြီးတော့မှ ရွှေတွေငွေကို အကုန်လုံးရှာတယ် သူတို့က၊ နောက်ပြီး ဆိုင်တွေကိုလည်း အကုန်လုံးဖောက်ထွင်းထားတာ၊ ဖောက်ထွင်းပြီးမှ ဆိုင်ကပစ္စည်းတွေကို အကုန်လုံးယူထားတာ သူတို့က၊ ပလူချောင်းမှာ အများကြီးလုပ်ထားတာ၊ ဒါစစ်သားတွေလုပ်ထားတာ၊ ဖြစ်တာက ဒီ ၈ လပိုင်း ၂ ရက်နေ့ကစဖြစ်တာ၊ ကျန်ရှိနေတဲ့ လူဦးရေကတော့ တစ်ထောင်ကျော်လောက်တော့ ရှိတယ်ထင်တယ် ဒီမှာ၊ လိုအပ်ချက်တွေကတော့ ဒီ ဆန်တွေဘာတွေကျလို့ရှိရင် သူတို့က အကုန်လုံးပိတ်ထားတာကို၊ မင်းပြားကြီးက ဆန်တွေဘာတွေဆို အထက်ကို မတင်ရဘူး၊ ဆန်တွေဘာတွေတင်လို့ရှိရင် AA ကိုထောက်ပံ့ကြေးပေးတယ်ဆိုပြီးမှ ဒီလိုပဲထင်နေကြတာ၊ မင်းပြားကိုရောက်နေတဲ့သူတွေကလည်း ဒီလိုပဲ ကိုယ့်ရွာကိုပြန်ချင်ကြတယ်၊ တချို့ကလည်း ဒီမှာ တိုက်ပွဲဖြစ်နေတဲ့ကြားထဲမှာ သူတို့ကကြောက်လန့်ပြီးတော့ မြို့ထဲကို ပြန်လာချင်နေတဲ့သူတွေ အများကြီးရှိတယ်"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်သားတွေက အဲ့လိုလုပ်ဆောင်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

"မရှိပါဘူး၊ သွားယူစရာမရှိပါဘူး၊ တပ်မတော်က ကျွန်တော်တို့စ စ်ဆင်ရေးဆောင်ရွက်တာ သူ့ရိက္ခာနဲ့  သူ့ရဲ့စစ်ဆင်ရေးအသုံးအဆောင်ပစ္စည်းနဲ့ပဲ ဆောင်ရွက်တာပါ"

လက်ရှိ ပိတ်ပင်ခံထားရတဲ့ ဖုန်သာချောင်း အထက်ပိုင်းနေရာတွေဟာ ချင်းလူမျိုးတွေအများဆုံးနေထိုင်တဲ့ ရွာတွေဖြစ်ပြီး မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒီကနေ့အထိဆိုရင် သွားလာရေးပိတ်ခံထားရတာ နှစ်ပတ်နီးပါးရှိပြီလို့လည်း ပြောကြပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့