ထောင်ဆူပူမှုကိစ္စ တစညပါတီပြောဆိုမှုကို ဦးဇော်ဌေး တုံ့ပြန်

2019-06-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်
Photo: Thiha Tun/RFA

ထောင်ဆူပူတာ လက်မဲကြီးကြောင့် မဟုတ်ပဲ လက်အနီကြီးကြောင့် လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒေါက်တာကျော်ဆွေရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက မီးတကျီကျီနဲ့ နိုင်ငံရေး သခွပ်ပင် လိုမျိုး လုပ်တော့မယ်ဆိုရင် သေသေချာချာ လေ့လာစုံစမ်းပြီးမှ ပြောဆိုဖို့နဲ့ ဥပဒေကြောင်းအရ ငြိစွန်းရင် နစ်နာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

တစည ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာကျော်ဆွေက နေပြည်တော် ရတနာသိင်္ခဟိုတယ်မှာ မနေ့က ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထောင်ဆူပူဖြစ် ပွားတာနဲ့ ပတ်သက်ပြီး အများက ဝေဖန်နေကြသလို လက်မဲကြီးကြောင့် မဟုတ်ပဲ လက်အနီကြီးကြောင့်လို့ စွပ်စွဲပြောဆိုခဲ့တာပါ။

တဆက်တည်းမှာပဲ ဦးဇော်ဌေးက အဲဒီစွပ်စွဲချက် မှားယွင်းနေကြောင်းနဲ့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ အသနားခံ တင်ပြစာ တင်လာတဲ့သူတွေရှိပြီး အဲဒါတွေကို ထည့်သွင်းစဉ်းစားသုံးသပ်ပေးဖို့၊ အကျဉ်းသားလွှတ်ပေးရေးအပေါ် မူပဲချမှတ်ပေးတာဖြစ်ပြီး အသေးစိတ်လူစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ ပြည်ထဲရေးက ဆောင်ရွက်ရတာဖြစ်ကြောင်း နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက်တွေနဲ့ ဖွဲ့ထားတဲ့ လူမှုကွန်ရက်ဂရုမှာ ပြောလိုက်တာပါ။

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့အခါမှာလဲ ထောင်တွေက များနေတဲ့အတွက် တာဝန်ရှိသူတွေရဲ့ တင်ပြချက်အရ အချိန်ခြား၊ ဒေသခြားပြီး ဆောင်ရွက်တာဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေရှိတယ်ဆိုပြီး ပြောလာတာဟာ ပြည်ထဲရေးနဲ့ အကျဉ်းဦးစီးကို ပြောရာရောက်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော်သမ္မတက သက်ကြီးရွယ်အို အကျဉ်းသားတွေ၊ အသက်ငယ်ရွယ်သူတွေနဲ့ မူးယစ်ဆေးပြား ၁၀၀ နဲ့အောက် မိတဲ့သူတွေကို အဓိကထားပြီး လွှတ်ပေးဖို့ တင်ပြခိုင်းတာလို့ သိရပါတယ်။

ဒါ့အပြင် သေဒဏ် ၃ ကြိမ် ကျခံထားတဲ့သူ ပြန်လွှတ်တယ်ဆိုတဲ့ သတင်းကလည်း သတင်းမှားဖြစ်ကြောင်း၊ ပြည်ထဲရေးကိုမေးရာမှာ အဲဒီကိစ္စမဟုတ်မှန်ဘူးလို့ ပြန်လည်တင်ပြခဲ့ကြောင်းနဲ့ ထောင်တွေ ဆူပူတဲ့အကြောင်း ရင်းတွေကိုလည်း စိစစ်ဖော်ထုတ်ပြီး အရေးယူနေကြောင်း ပြောပါတယ်။

အစိုးရကို နိုင်ငံရေးပါတီတွေအနေနဲ့ ဝေဖန်မယ်ဆိုရင် အချက်အလက် အမှားအယွင်းတွေကို အခြေခံပြီး လူမှုကွန်ရက် ဖေ့ဘွတ်စ် သတင်းလောက်ကိုသာ ဖတ်ပြီး မပြောဆိုမိဖို့လည်း ဦးဇော်ဌေး က သတိပေးလိုက်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။

ကွန်မင့်များ (1)
Share

Htein Lin

နေရပ်- Forest Gate, London

{{ တစည ပါတီ ဒေါက်တာ ကျော်ဆွေ ထောက်ပြဝေဖန် ခြင်းသည် အမှန်ကို ထောက်ပြဝေဖန် ခြင်း သာဖြစ်သည်။ ( ထောက်ပြဝေဖန် ခြင်း ပြစ်မှုမဟုတ်ဘူး / Criticism Is Not Crime ) ဆိုတာ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး သိသင့်ပါသည်။}}

(( သေဒဏ် ၃ ကြိမ် ကျတာ ပြန်လွတ်သည် ဆိုသည့်သတင်း မှားယွင်းလား ၊မ မှားယွင်းလား တော့ မသိဘူး။ ABSDF ( မြောက် ပိုင်း ) ပါဂျောင်း တွင် ကျောင်းသားတပ်မတော်မှ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသား ၊ ကျောင်းသူ ၄၀ ကျော်ကို တရားဝင် ရက်စက်စွာသတ်ဖြတ်ခဲ့သည့် လူသတ်သမား သံချောင်း ကတော့ ( နဝတ ) စစ်အစိုးရလက်ထက်ထဲက သေဒဏ် ပေးထားပြီး၊ ခေတ် အဆက်ဆက်အင်းစိန်ထောင်တွင်း တိုက်ပိတ်ထားရာမှ NLD နီပေါ၊ လက်နီကြီး သမ္မတ ဦးဝင်းမြင့်၏လက်ထက်တွင်တော့ ' သမ္မတ ဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့် ( ခ ) သမ္မတ အာဏာအလွဲသုံးစားလုပ်မှု ' ဖြင့် ၂၀၁၈ - ကတည်းက လွတ်မြောက်ခဲ့သည်ဆိုတာ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ဖင်ပိတ်ပြီး ငြင်း၍ မရနိုင်ပါ။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိတာ၊ပြည်သူလူထုက တရားဥပဒေ ကိုမလေးစားတာ မဆန်းပါဘူး။ အပြစ်ရှိတဲ့သူကို ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့၊ အပြစ်ရှိတဲ့သူကို အမိန့်ချတဲ့ တရားသူကြီးများဟာ တရားခံ၏မုန်းတီးမှုများ၊ မမြင်နိုင်တဲ့ လုပ်ကြံသတ်ဖြတ် နိုင်သည့်အနေအထား မျိုးကိုလည်း ရင်ဆိုင်နေရပြီး၊ တရားခံများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များသည်လည်း NLD နီပေါ၊ လက်နီကြီး သမ္မတ ဦးဝင်းမြင့်၏လွတ်ငြိမ်းချမ်းသာခွင့် ( ခ ) သမ္မတ အာဏာအလွဲသုံးစားလုပ်မှု ' ကြောင့် တရားခံများ မြန်ဆန်စွာလွတ်မြောက် ခဲ့သည့်အတွက် လွန်စွာ နစ်နာရပါသည်။ ဒီလုပ်ဆောင်ချက်ဟာ ' လွတ်ငြိမ်းချမ်းသာခွင့် လို့မသတ်မှတ်ပဲ သမ္မတ၏ အာဏာအလွဲသုံးစားလုပ်မှု လို့ပဲ သတ်မှတ်ပါသည်။ အစိုးရတရပ်၏ ၅ နှစ် သက်တမ်းအတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ်၊နှစ် ကြိမ် ပေးတာ နားထောင်လို့တော့ ကောင်းပါသည်။ ဒါပေမဲ့ အစိုးရတရပ်၏ ၅ နှစ် သက်တမ်းအတွင်း ၃ နှစ်၌ NLD သမ္မတ နှစ်ဦး ၏ ' လွတ်ငြိမ်းချမ်းသာခွင့် ၅ ကြိမ် ထက် မက ပေးနေခြင်းသည် ' သမ္မတ၏ အာဏာအလွဲသုံးစားလုပ်ခြင်း ( ခ ) သမ္မတကိုယ်တိုင် တရားဥပဒေစိုးမိုးမှုမရှိ အောင် ဖန်တီးခြင်း ( ခ ) သမ္မတကိုယ်တိုင် တရားဥပဒေ အပေါ်တွင် ရောက်နေခြင်း ( ခ ) ၂၀၂၀' ရွေးကောက်ပွဲအတွက် လွတ်ငြိမ်းချမ်းသာခွင့် ကို အသုံးချပြီး ကြိုတင် မဲဆွဲခြင်းသာ ဖြစ်သည်။
Criticism is not a Crime by International Human Rights Declaration.

Jun 06, 2019 12:12 PM

ဆိုက်တခုလုံးသို့