မူးယစ်ဆေးနဲ့ ဆက်စပ်နေသူတို့ကို သတိပေးစာ ကျောက်တော်မြို့အနှံ့ကပ်ထား

2019-10-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျောက်တော်မြို့ လူစည်ကားတဲ့နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတဲ့ သတိပေးစာတွေ ကပ်ထားတာ တွေ့ရစဉ်
ကျောက်တော်မြို့ လူစည်ကားတဲ့နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတဲ့ သတိပေးစာတွေ ကပ်ထားတာ တွေ့ရစဉ်
Photo: Michael Saw - facebook

ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူစည်ကားတဲ့ နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတဲ့ သတိပေးစာတွေ ကပ်ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ မနက်ပိုင်းကနေ စတင်တွေ့ရတဲ့ ဒီသတိပေးစာကို ရက္ခိုင့်တပ်တော် AA က ကပ်တာလား၊ ဒေသတွင်း မတည်ငြိမ်မှုတွေကို အသုံးချပြီး မူးယစ်ဆေးဝါး တိုက်ဖျက်လိုတဲ့ ဒေသခံတွေက ကပ်တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မနေ့က ကပ်ထားတဲ့ သတိပေးစာတွေ ဒီနေ့ နေ့လယ်ပိုင်းအထိ ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုး၊ ကျောက်တော် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်၊ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခ တို့ကို ဆက်သွယ်မေးမြန်းရာမှာ သူတို့လည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် မသိသေးဘူးလို့ ပြောကြပါတယ်။

ကျောက်တော်မြို့မှာ လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှုဟာ များပြားလာနေတဲ့အတွက် အခုလိုသတိပေးစာနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတာကို ဘယ်အဖွဲ့ကပဲလုပ်လုပ် ဒေသခံတွေက ကြိုဆိုမယ်လို့ ယူဆကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကျောက်တော်မှာ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း မြို့နယ်ဥပဒေအရာရှိကို ခြိမ်းခြောက်တဲ့စာတွေ လူစည်ကားတဲ့ နေရာတွေမှာ ဖြန့်ခဲ့ပါတယ်။ ဥပဒေအရာရှိက ရခိုင်လူမျိုးတွေအပေါ် ပုဒ်မ အမျိုးမျိုးတပ်ပြီး တရားစွဲဆိုနိုင်အောင် ထောက်ခံပေးနေတယ်လို့ စွပ်စွဲရေးသားထားတဲ့ အဲဒီစာဖြန့်တာ ဘယ်သူ၊ ဘယ်အဖွဲ့ရဲ့ လက်ချက် ဆိုတာကို အာဏာပိုင်တွေက ထုတ်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကနေစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျေးရွာအများအပြားမှာ အရက်ရောင်းချ၊ သောက်စားမှုတွေကို ဒေသခံတွေက ပိတ်ပင်ခဲ့ပါတယ်။ AA အဖွဲ့ရဲ့ စေခိုင်းမှုကြောင့် ပိတ်ပင်တာ ဆိုတဲ့ စွပ်စွဲချက်ကို ဒေသခံတွေက ငြင်းဆိုထားကြပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့