ပုဏ္ဏားကျွန်းမှာ တိုက်ပွဲပြင်းထန်

2019-10-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: AA Website

မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာနားမှာရှိတဲ့ တပ်မတော်ရဲ့ ယာယီထောက်ပို့စခန်းတစ်ခုကို သိမ်းဆည်းနိုင်ခဲ့တယ် လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညိုနားမှာရှိတဲ့ ဗမာစစ်တပ်ရဲ့ထောက်ပို့စခန်းပေါ့နော်၊ အဲဒီထောက်ပို့စခန်းကို ကျနော်တို့ ဝင်ရောက်တဲ့အခါမှာတော့၊ အဲဒီထောက်ပို့စခန်းမှာရှိတဲ့ ဗမာစစ်တပ်တွေကတော့ သူတို့ထွက်ပြေးလွတ်မြောက် သွားကြတာပေါ့၊ ရိက္ခာတွေ၊ စစ်လက်နက်ပစ္စည်းတွေတော့ သိမ်းဆည်းရမိတယ်၊khinethukha-350.jpg

ဒီတပ်မတော်ရဲ့ယာယီစခန်းကို AA က ဝင်ရောက်ရာမှာ တပ်မတော် ဘက်က ဆုတ်ခွာသွားတာကြောင့် တိုက်ပွဲ ကြီးကြီးမားမားမဖြစ်ဘဲ လက်နက်တွေနဲ့ ရိက္ခာတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ခိုင်သုခက ဆိုပါတယ်။

ဒီလိုတပ်မတော်ရိက္ခာထောက်ပို့ရေးစခန်းကို AA က သိမ်းဆည်းတယ် ဆိုတာနဲ့ပတ်သက်ပြီး အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ပြောရေး ဆိုခွင့်ရှိသူ တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

AA နဲ့ တပ်မတော်ဟာ ပုဏ္ဏားကျွန်းမြို့နယ် မြောက်ဘက် အောင်မြကျော်ကျေးရွာတဝိုက်မှာ မနေ့ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် ရဟတ်ယာဉ်နှစ်စီးနဲ့ပါ တိုက်ခိုက်ခဲ့ တယ်လု့ိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

ဒီနေ့ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာရှိတယ်၊ ဒါပေမဲ့ အနီးနားမှာရှိတဲ့ ကျေးရွာတွေကတော့ ပြေးလို့မရတော့ ဘူးလေ၊ အမြောက်ဆံတွေက ဟိုပစ်ဒီပစ်ဆိုတော့ လုံခြုံရာမှာ အကာအကွယ်ယူပြီးနေကြတာ၊ သူတို့အပြင် ထွက်လို့မရဘူး သူတို့ပိတ်မိနေပြီ၊ ကြာလာရင် သူတို့စားဝတ်နေရေးပြဿနာရှိတယ်

ဒီတိုက်ပွဲဖြစ်တဲ့နေရာဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်စပ်မှာဖြစ်ပြီး အောင်မြကျော်၊ လောက်ပုပ်နဲ့ ထုံးဘိုကျေးရွာတွေရှိပြီး ဒေသခံတွေဟာ တိုက်ပွဲကြားမှာ ပိတ်မိနိုင်တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

သူတို့အပြင် ထွက်လို့မရဘူး သူတို့ပိတ်မိနေပြီ

ဒီကျေးရွာတွေဟာ ရန်ကုန်-စစ်တွေကားလမ်းနဲ့ ၃ မိုင်လောက်ဝေးပြီး တောင်ကြားထဲမှာရှိတာကြောင့် ဆက်သွယ်ရေးခက်ခဲပြီး ဒေသခံတွေနဲ့တော့ အဆက်အသွယ် မရသေးဘူးလို့ ဦးခင်မောင်လတ်က ပြောပါတယ်။

အောင်မြကျော်ကျေးရွာနဲ့ ၈မိုင်အကွာမှာရှိတဲ့ မြိုကျေးရွာသားတစ်ဦးကတော့ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာမြင်ရပြီး ဒေသခံတွေပိတ်မိနိုင်တယ်လု့ိ ပြောပါတယ်။

ကျနော်တို့ဆီကနေ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတာမြင်ရတယ်၊ အောင်မြကျော်တို့ လောက်ပုပ်တို့ သုံးလေးရွာလောက် ရှိတယ်၊ အဲဘက်မှာတိုက်ပွဲဖြစ်နေတာ နှစ်ရက်လောက်ရှိနေပြီလေ၊ သူတို့ဘယ်ကိုရှောင်နေလည်း ကျနော်လည်း မသိဘူးဗျ

တပ်မတော်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တာတွေရှိကြောင်း AA ပြောရေးဆိုခွင့်ရှိ သူခိုင်သုခကလည်း ပြောပါတယ်။

အောင်မြကျော်ကျေးရွာနားတိုက်ပွဲမှာ ရဟတ်ယာဉ်သုံးစွဲ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်း၊ အသေးစိတ်ကို မသိသေးပေမယ့် တိုက်ပွဲတွေမှာ လိုအပ်ရင် ရဟတ်ယာဉ် အသုံးပြုတယ်လို့ ပြောပါတယ်။

ပုဏ္ဏကျွန်းတို့ ဘာတို့ဆိုတာက AA အများဆုံးအားပေးတဲ့နေရာတွေဆိုတော့ ပုဏ္ဏကျွန်းရဲ့မြောက်ဘက် ကန်ဇောက်ရဲ့ အနောက်ဘက်ခြမ်းတွေက သူတို့လှုပ်ရှားတဲ့နေရာတွေဖြစ်တယ်၊ အခုဟာက ကျနော်တို့က AAအဖွဲ့တွေ မိုးရာသီမှာ ယာယီအခြေပြုတဲ့စခန်းနေရာတွေကို ရှင်းလင်းနေတုန်းပဲ၊ အခုတော့ ဂဃဏ မသိရသေးဘူး၊ လိုအပ်ရင်တော့ ရဟတ်ယာဉ်သုံးမှာပေါ့

ဒီအောင်မြကျော်ကျေးရွာနားမှာ ပြီးခဲ့တဲ့ ၅လလောက်ကလည်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ၁ လနီးပါးကြာခဲ့တယ်လို့ သိရပါတယ်။  ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုစာရင်းကို ထုတ်ပြန်ကြခြင်းမရှိပါဘူး။

(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့