ဒုက္ခသည်တွေနေရပ်ပြန်ဖို့ တုံ့ဆိုင်းနေတဲ့အပေါ် စိတ်မကောင်းကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

2019-08-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်က Shalbagan စခန်းမှာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စောင့်နေတဲ့ ကားသမားတစ်ဦးကို  ၂၀၁၉ သြဂုတ် ၂၂ ရက်နေ့က  တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်က Shalbagan စခန်းမှာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စောင့်နေတဲ့ ကားသမားတစ်ဦးကို ၂၀၁၉ သြဂုတ် ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP

ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တုံ့ဆိုင်းနေကြတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီး အဘူမိုမင် က ပြောပါတယ်။

ကြာသပတေးနေ့က စတင်ခဲ့တဲ့ ဒုက္ခသည်ပြန်ပို့ရေးလုပ်ငန်းရလဒ်ကို ကြေညာဖို့ ဝန်ကြီး အဘူမိုမင် ဟာ ညနေ လေးနာရီအထိ စောင့်ဆိုင်း ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနဲ့ တရုတ်အစိုးရအရာရှိတွေလည်း ဒုက္ခသည်ပြန်လည်ခေါ် ယူရေးလုပ်ငန်းအတွက် ကောက်စဘဇား က ဒုက္ခသည်စခန်းတွေကိုရောက်ရှိနေခဲ့ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အဘူမိုမင်ဟာ ညနေ လေးနာရီ အထိ စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ နေရပ်ပြန်လိုသူ တဦးတယောက်မှ ပေါ်ပေါက်မလာခဲ့ပါဘူး။

အစိုးရအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ အတင်းအဓမ္မ မဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ဘက်က ချို့ယွင်းချက် မရှိအောင် လိုအပ်သမျှ အသင့်ပြင်ဆင်ထားခဲ့ကြောင်း၊ မြန်မာဘက်ကလည်း ဒုက္ခသည်တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အကောင်းမြင်ပါကြောင်းလည်း အဘူမိုမင် က ပြောပါတယ်။

ဒီအတွင်း ဒုက္ခသည်စခန်းတွေမှာ NGO အရပ်ဘက် အဖွဲ့အစည်းတချို့က ဒုက္ခသည်တွေကို နိုင်ငံသားပေးရေး စတဲ့ တောင်းဆိုချက်တွေအပေါ် ကတိကဝတ်တွေ အသေအချာမရမချင်း နေရပ်မပြန်ကြဖို့ တိုက်တွန်းစည်းရုံးနေတဲ့အပြင်၊ စခန်းတွေအတွင်း ပိုစတာတွေ၊ လက်ကမ်းစာရွက်တွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး လက်သည်တွေကို စုံစမ်းမယ်လို့ လည်း အဘူမိုမင် က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေ ပထမအကြိမ် မူလနေရပ်ပြန်ရေး မအောင်မြင်ခဲ့သလို၊ ကြာသပတေးနေ့က ဒုတိယအကြိမ် အစီအစဉ်မှာလည်း နှစ်နိုင်ငံ တာဝန်ရှိသူတွေ တနေကုန် စောင့်ဆိုင်းခဲ့ကြပေမဲ့ ပြန်လိုသူ တဦး တယောက်မှ ထွက်ပေါ်မလာခဲ့ပါဘူး။ ဒီအကြောင်းကို RFA သတင်းထောက် ဦးသစ်ဆင်း က တင်ပြထားပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့