မြန်မာကို ICC ခုံရုံးတင်ဖို့ ပြည်ပအခြေစိုက် အရပ်ဘက်အဖွဲ့တွေတောင်းဆို

2019-03-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နယ်သာလန်နိုင်ငံ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်
နယ်သာလန်နိုင်ငံ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်
.

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ပြစ်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တင်နိုင်အောင် ကြိုးပမ်းဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ပြည်ပအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၈ဝ ကျော်က မနေ့က ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စအပေါ်ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~
မြန်မာကို ICC ခုံရုံးတင်ဖို့ ပြည်ပအခြေစိုက် အရပ်ဘက်အဖွဲ့တွေတောင်းဆို

(ဝေမာထွန်း)

■ပြည်ပအရပ်ဖက်အဖွဲ့တွေရဲ့ ကြေညာချက်ထဲမှာ မြန်မာပြည်တွင်းက တိုင်းရင်းသားဒေသတွေမှာ ကြုံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ဆောင် ရွက်ဖို့ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ပြစ်သစ်နိုင်ငံကို တိုက်တွန်းထားပါတယ်။
ပြည်ပအခြေစိုက် ရိုဟင်ဂျာ၊ ကချင်နဲ့ ကရင်လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့ပေါင်း ၈၄ဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီထဲမှာ အစိုးရတပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံဘက်ကို ထွက်ပြေးသွားရတဲ့ မွတ်စလင် ဒုက္ခသည်တွေအရေး အပါအဝင် ရခိုင်၊ ကချင်နဲ့ ရှမ်းစတဲ့ ဒေသတွေက တပ်မတော်ရဲ့ လူ့အခွင့်အရေချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာ့တပ်မတော်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC လွှဲပြောင်းနိုင်ရေး ကြိုးပမ်းဖို့လိုတယ်လို့ ရေးသားတောင်းဆိုထားပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး ပြစ်သစ်နိုင်ငံက စိတ်ဝင်စားမှုရှိတာကြောင့် ပြင်သစ်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်မှာ အရပ်ဖက်အဖွဲ့တွေက အခုလို စုပေါင်း အစီရင်ခံစာ ထုတ်ပြန်လိုက် တာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင် ကပြောပါတယ်။

"ပြစ်သစ်အနေနဲ့ မြန်မာအရေးကို စိတ်လည်းဝင်စားတယ်။ ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားအားလုံးကို ကချင်၊ ကရင် အများကြီးပါတယ်ဆိုတော့ ဒီနေရာမှာ တော်တော်သက်ရောက်မှုရှိမယ်လို့ ကျွန်တော်တို့က နည်းနည်းမျှော်လင့်တယ်။ ပြင်သစ်က လုံခြုံရေးကောင်စီမှာ မြန်မာပြည်အရေးကို သူတို့က ကန့်ကွက်ခဲ့တာမရှိဘူး။ သိထားသလောက်က ဒီထုတ်ပြန်ချက်ကို သူတို့ တော်တော်စိတ်ဝင်စားတယ်။ နယူးယောက်ကရုံးနဲ့ အဆက်အသွယ်ရသလောက်။ ပြင်သစ်နိုင်ငံက လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်ပေါ့နော်။ ပြင်သစ်က ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုလို့ Public ကို ပထမဆုံးပြောတာ ပြင်သစ် သမ္မတ ပဲ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ တွန်းအားပေးဖို့လိုတယ်"

အခု မတ်လအတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ပြင်သစ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Francois Delattre က အလှည့်ကျဆောင်ရွက်နေပြီး လာမယ့်ဧပြီလမှာ ကောင်စီအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဂျာမနီ သံအမတ်ကြီး Christoph Heusgen က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ပအခြေစိုက်အရပ်ဖက်အဖွဲ့တွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းက ကချင်ငြိမ်းချမ်းရေး ကွန် ယက်က ဒေါ်ဂွန်ဂျာက သူ့အမြင်ကို အခုလိုပြောပါတယ်။

"တပ်မတော်တင်မကဘဲ မည်သည့်လက်နက်ကိုင်မဆို ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ဆိုရင် မြန်မာပြည်က ဥပဒေအတွင်းမှာ အဆင်မပြေဘူး။ ပြီးလို့ရှိရင် ကိုယ့်တိုင်းပြည်အတွင်းမှာလည်း ကိုယ်ဘာ့ကိုယ် ပြုပြင်ပြောင်းလဲမှုကို မလုပ်ဘူးဆိုရင် တရားမျှတမှုကို တစ်ချိန်ချိန်မှာ ယူဖို့လိုအပ်တယ်။ အခုလောလော ဆယ်အနေနဲ့ တရားမျှတမှုဆိုတဲ့အရာထက် လောလောဆယ် ကျူးလွန်တဲ့အရာတွေ၊ ထိခိုက်နစ်နာတဲ့ အရာတွေကို ရပ်ဆိုင်းဖို့ ဟန့်တားတဲ့ mechanism တစ်ခုတော့ လိုအပ်တယ်လို့ ယူဆတယ်။ အဲဒါ ICC လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ R2P လည်းဖြစ်ကောင်းဖြစ်နိုင်တယ်"

လူ့အခွင့်အရေးချိုးဖောက်မှုတွေ အရေးယူပေးဖို့ အဖွဲ့ ၈၄ ဖွဲ့က တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

မြန်မာပြည်တွင်းမှာတော့ လူ့အခွင့်အရေးကျူးလွန်ခဲ့တဲ့ တပ်မတော်တာဝန်ရှိသူတွေကို ICC တင်ရေးလှုပ်ရှားမှု တွေကို အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ လှုပ်ရှားဆောင်ရွက်ခွင့် ကန့်သတ်ခံရမှုတွေရှိနေတယ်လို့ လူ့အခွင့် အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်း ကပြောပါတယ်။

"ICC တင်တဲ့ issue ကိုတော့ လုပ်သင့်တယ်။ ပြည်တွင်းမှာတော့ လက်ရှိအနေအထားအရ ပွင့်ပွင့်လင်းလင်း ပြောရရင် ICC တင်တဲ့ ကိစ္စမျိုး ပြောလို့မရဘူး။ ကိုထင်ကျော် ဆိုလို့ရှိရင် မြို့တော်ခန်းမရှေ့မှာ ICC လာတာ ထောက်ခံပါတယ်။ ဖမ်းဖို့အတွက် လုပ်ပါလို့ပြောလို့ ဖမ်းခံထိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေက ပြည်တွင်းမှာ ဖိနှိပ်ခံထားရတဲ့ အနေအထားမျိုးရှိတယ်"

အခုလ ၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးရောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ပြင်သစ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လမ်းပြမြေပုံမှာပါတဲ့ အချက်တွေအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။

လမ်းပြမြေပုံအရ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေဟာ လူသားချင်းစာနာမှု အကူအညီပေးရေး၊ ဒုက္ခသည် တွေ နေရပ်ပြန်ရေးအတွက် နည်းလမ်းတွေဖန်တီးပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ် ခွင့်ပေးထားတဲ့အခြေအနေတွေ ရပ်ဆိုင်းဖို့အပါအဝင် ကိုဖီအာနန်ကော်မရှင် အကြံပြုချက်တွေအတိုင်း လိုက် နာအကောင်အထည်ဖော်ဖို့ ကိစ္စတွေဖြစ်တယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ တပ်မတော်တာဝန်ရှိသူတွေကို ICC တင်ရေးအတွက် ပြစ်သစ်အနေနဲ့ ကြိုးပမ်း ဆောင်ရွက်ပေးဖို့ ပြည်ပအခြေစိုက် အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ တုံ့ပြန်ချက်ကို သိရှိနိုင်ဖို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှု မရှိပါဘူးရှင်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့