ချင်းပြည်နယ် ရေကာတာစီမံကိန်း ဆက်လက် ကန့်ကွက်ခံနေရ

2019-11-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ချင်းမြစ်ချောင်းများအဖွဲ့ (CRW) သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ နိုဝင်ဘာ ၄ ရက်နေ့က ကျင်းပစဥ်
ချင်းမြစ်ချောင်းများအဖွဲ့ (CRW) သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ နိုဝင်ဘာ ၄ ရက်နေ့က ကျင်းပစဥ်
ဓါတ်ပုံ - ဝေမာထွန်း/ RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာရှိတဲ့ လေးမြို့မြစ်ပေါ်မှာ ရေကာတာ စီမံကိန်း တည်ဆောက်မယ်ဆိုရင် ကျေးရွာပေါင်း ၅၁ ရွာက လူဦးရေ နှစ်သောင်းခွဲ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်ပြီး ရွှေ့ပြောင်းနေထိုင်ရတာတွေ ဖြစ်လာနိုင်တဲ့အတွက် ကန့်ကွက်ကြောင်း ချင်းမြစ်ချောင်းများအဖွဲ့ (CRW) က ပြောလိုက်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိုဖေရှေ ကျေးရွာအနီးမှာ လျှပ်စစ် မဂ္ဂါဝပ် ၆၂၂ ထွက်မယ့် စီမံကိန်း (၁) နဲ့ မြောက်ဦးမြို့နယ် စိုင်းဒင်ကျေးရွာမှာ လျှပ်စစ် ၁၀၅ မဂ္ဂါဝပ် ထွက်ရှိမယ့် စီမံကိန်း (၂) ကို တည်ဆောက်ဖို့ အစိုးရက လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် စီမံကိန်း ဆက်လက် အကောင်အထည်ဖော်သွားမှာကို ဒေသခံ အဖွဲ့အစည်းတချို့က စိုးရိမ်နေကြတာဖြစ်ပါတယ်။

ရေကာတာစီမံကိန်းကို မဖြစ်မနေလုပ်မယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က သတင်းမီဒီယာတွေကတဆင့် ပြောလာတဲ့အတွက် ပြည်နယ်အတွင်း  မြစ်ချောင်းများ စောင့်ကြည့်နေသူတွေက စီမံကိန်းကို ကန့်ကွက်ကြောင်း အများသိစေဖို့အတွက် ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ လာရောက်ပြုလုပ်ကြပါတယ်။



လေးမြို့မြစ်ပေါ်မှာ ရေကာတာ ဆောက်လပ်ရေး စီမံကိန်း အကောင်အထည်ဖော်မယ်ဆိုရင် မြစ်ဘေးက ရွာပေါင်း ၅၀ ကျော် ရေအောက် နှစ်မြုပ်သွားနိုင်တယ်လို့ ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က GSMang က သတင်းထောက်တွေကို ပြောပါတယ်။

"မြစ်ကြောင်းပေါ်မှာ သောင်တွေဖြစ်ထွန်းပါတယ်။ မြေဆီလွှာ အင်မတန်ကောင်းပါတယ်။ ရာသီပေါ်သီးနှံတွေ စိုက်ကြပြီး မြစ်ချောင်းအတိုင်းစုန်ဆင်းပြီး ရခိုင်ပြည်နယ်ကို သွားရောက်ရောင်းချကြတယ်။ ဒေသခံတွေက ဝါးတွေခုတ်ပြီး မြစ်ကြောင်းအတိုင်းစုန်ဆင်းပြီး အောက်ပြည်အောက်ရွာမှာ ရောင်းချကြပါတယ်။ ရေကာတာ ဆောက်လိုက်လို့ရှိရင် ကုန်းလမ်းမရှိတော့တဲ့အတွက် သူတို့ရဲ့ လမ်းကြောင်းပိတ်သွားမယ်အပြင် အနည်းဆုံး ၅၁ ရွာကလည်း ရေအောက်ကိုရောက်သွားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်"

ဒေသခံစောင့်ကြည့်သူတွေ စိုးရိမ်ပေမယ့် ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကတော့ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ရေကာတာကို နိုင်ငံတကာစံချိန်စံညွန်းနဲ့အညီ ဆောင်ရွက်မှာဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူထုထိခိုက်မှုတွေ မရှိတာ သေချာမှ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ချင်းလူမျိုးတွေက လေမျိုမြစ်လို့ခေါ်ပြီး ရခိုင်လူမျိုးတွေက လေးမြို့မြစ်လို့ ခေါ်တဲ့ ဒီမြစ်ပေါ်မှာ ရေကာတာ စီမံကိန်း တည်ဆောက်ဖို့ အစိုးရက ၂၀၀၇ ခုနှစ်ကစလို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တာ ရှိပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ သဘောတူညီထားတာကို ဖျက်သိမ်းကာ တရုတ်ဒါတန်ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး စီမံကိန်းနယ်မြေကို လေ့လာတိုင်းထွာခဲ့ပါတယ်။

ဒေသခံတွေ ကန့်ကွက်တာကြောင့် တရုတ်ကုမ္ပဏီနဲ့ ဆောင်ရွက်ခဲ့မှုကို ၂၀၁၄ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ ပြန်လည်အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၆ ခုနှစ်မှာ ပြင်သစ်အကူအညီနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

ပြစ်သစ်အစိုးရက လေ့လာရေးအတွက် ဒေါ်လာ တစ်သန်း ထောက်ပံ့သွားမယ်လို့ ကတိပြုခဲ့တာ ရှိပြီး လုပ်ငန်းပြန်လည်စတင်တာကို ဒေသခံတွေအနေနဲ့ တိတိကျကျ သိရတာမရှိသေးဘူးလို့ ချင်းမြစ်ချောင်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

ဝန်ကြီး ဦးစိုးထက်ကတော့  လေ့လာစမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲဖြစ်လို့ စီမံကိန်း စတင်နိုင်ဖို့ အနည်းဆုံး သုံးလေးနှစ် ကြာဦးမယ်လို့ RFA ကို ပြောပါတယ်။

"survey ဆင်းတဲ့အဆင့်ပဲရှိသေးတယ်။ နှစ်နှစ်ဝန်းကျင်လောက် ကြာဦးမယ်။ အခုထိ ဘာဒေတာမှ သိပ်မထွက်လာသေးဘူး။ survey ဆင်းပြီး သေးချာမှ ပြည်ထောင်စုနဲ့ MOU ထိုးပြီးလုပ်ရမှာ။ အနည်းဆုံး နောက်ထပ် ၃၊ ၄၊ ၅ နှစ်လောက်ကြာဦးမယ့် စီမံကိန်းပါဗျ။ ကျနော်တို့ ချင်းပြည်နယ်မှာ ဘာမှမထွက်ဘူးလေ။ သတ္တုလည်းမထွက်၊ ရွှေလည်းမထွက်၊ ငွေလည်းမထွက် ကျောက်စိမ်းလည်း မထွက်ဘူးလေ။ တောတောင် သဘာဝအခြေအနေအရ ရေအားလျှပ်စစ်ထုတ်မှပဲ အဆင်ပြေမယ်လို့ ယုံကြည်တဲ့အတွက် လုပ်တာ"

လေးမြို့မြစ်ဟာ ချင်းပြည်နယ် မတူပီမြို့နယ် ဘုံတလာရေတံခွန်ကို မြစ်ဖျားခံပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေကို ဖြတ်သန်းစီးဆင်းတာဖြစ်ပါတယ်။

ဒီဒေသမှာ သွားလာရေးအတွက်  ရေလမ်းကို အဓိကထားနေရတာဖြစ်ပြီး ရေကာတာ တည်ဆောက်ဖို့ လမ်းကို ပိတ်လိုက်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲသွားနိုင်တယ်လို့ ပြောကြပါတယ်။

ဒေသခံတွေရဲ့ ဘိုးဘွားပိုင် လယ်မြေဆုံးရှုံးမှုတွေအတွက် လျော်ကြေးငွေ ရဖို့လည်း အာမ မခံနိုင်ဘူးလို့ ချင်းမြစ်ချောင်းများကွန်ရက်မှ Mang za khup က ပြောပါတယ်။

"လေမျိုမြစ်နားတစ်ဝိုက်က စိုက်ပျိုးမြေတွေက အစိုးရရဲ့ ပုံစံ ၇ တို့ ပုံစံအမျိုးမျိုးထုတ်ပြီး အစိုးရရဲ့ အသိအမှတ်ပြုပြီးမှ လုပ်ကိုင်တဲ့ မြေတွေမဟုတ်ဘူး။ ကျနော်တို့ မိရိုးဖလာ လုပ်ကိုင်လာတဲ့ မြေတွေ ဖြစ်တဲ့ အဲ့တော့ လျော်ကြေးတွေ မရနိုင်ပါဘူး"

တိုက်ပွဲဖြစ်ပွားရာဒေသတွေဖြစ်တဲ့အတွက် စစ်ရှောင်ဒုက္ခသည်တွေ ရှိနေပြီး  စီမံကိန်းကြောင့် ရွှေ့ပြောင်းရတဲ့ ဒုက္ခသည် ဦးရေပါ ထပ်တိုးလာနိုင်စရာရှိတယ်လို့လည်း ဒေသခံတွေက ရှုမြင်နေကြပါတယ်။

စီမံကိန်းဧရိယာထဲ ပါဝင်တဲ့ ပလက်ဝမြို့နယ် သံတောင်ကျေးရွာသား ဦးဘူးလွင်က မြစ်ကိုမှီခိုနေတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ ရှိတယ်လို့ ပြောပြပါတယ်။

"အဲဒေသမှာ ကျနော်တို့က ရွှေ့ပြောင်းတောင်ယာလုပ်တယ်။ လယ်ယာကိုင်းကျွန်းတွေလုပ်တယ်။ ဥယျာဉ်ခြံမြေတွေ သစ်တွေဝါးတွေခုတ်ပြီးတော့မှပဲ ကျနော်တို့ လုပ်ကိုင်စားသောက်နေတယ်။ စီမံကိန်း အကောင်အထည်ဖော်လာရင်တော့ ဒိုင်၊ လေးတူ၊ ခူမီး ၊ ရခိုင်တွေ ရွှေ့ပြောင်းရမယ်။ တခြားနေရာတွေ ရောက်သွားရင် ပျောက်သွားတာနဲ့ အတူတူပဲ ဖြစ်ပါမယ်"

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပြီး ပြည်နယ်တွေကို သဘာဝ သယံဇာတအကျိုး ခံစားခွင့် မူဝါဒတွေ တိတိကျကျ ချမှတ်နိုင်တဲ့အခါ၊ ဒေသခံပြည်သူလူထုရဲ့ အခွင့်အရေးတွေ အပြည့်အဝ အကာအကွယ်ပေးနိုင်တဲ့ အချိန်အခါ ရောက်မှသာ စီမံကိန်းကို အကောင်အထည် ဖော်စေလိုတယ်လို့ ချင်းမြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ပြင်သစ်နိုင်ငံနဲ့ ချိတ်ဆက်လုပ်ဖို့ရှိတဲ့ လက်ရှိ ရေကာတာစီမံကိန်းကြီး ၂ ခုအပြင် အခု ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းမှာ နော်ဝေနဲ့ တရုတ် ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး မဂ္ဂါဝပ် ၃၀ အောက် ထွက်ရှိမယ့် ရေကာတာ စီမံကိန်းတွေ တည်ဆောက်ဖို့လည်း အစိုးရက ပြင်ဆင်နေတယ်လို့ စောင့်ကြည့်သူတွေက ပြောကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့