ဝ မှာ မူးယစ်မှောင်ခိုတွေကို အသေပစ်ခတ်မှု မေးခွန်းထုတ်ခံရ

2019-10-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေကို ဝ တပ်ဖွဲ့ဝင်တွေ  ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ဖမ်းဆီးမိခဲ့စဉ်
မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေကို ဝ တပ်ဖွဲ့ဝင်တွေ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ဖမ်းဆီးမိခဲ့စဉ်
Photo: Nyi Rang

ရှမ်းပြည်အရှေ့ပိုင်း ဝ ဒေသမှာ မကြာသေးမီက မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်လို့ ယူဆရသူတချို့ကို နှိမ်နင်းရာမှာ  အသေပစ်ခတ်ဖမ်းဆီးမှုတွေရှိနေပါတယ်။

ထိုင်းမြန်မာ နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းမှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေလို့ ယူဆရသူ ရှစ်ဦးကို ပစ်သတ်ဖမ်းဆီးခဲ့ပြီးတော့ ၁၀ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာ လက်နက်တချို့နဲ့ WY စိတ်ကြွဆေးပြား ၁၈ သိန်းဖမ်းဆီးရရှိပြီး ထွက်ပြေး လွတ်မြောက်သွားသူတွေကို ၂ ရက်နေ့မှာ ဆေးပြားအရေအတွက် သိန်း ၃၀ နဲ့အတူ ထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ ၀ တပ်ဖွဲ့က RFA ကိုပြောပါတယ်။

တရားရုံးတင်ပြစ်ဒဏ်ချ အရေးယူတာမျိုး မဟုတ်ဘဲ၊ ပစ်ခတ်ဖမ်းဆီးလို့ သေဆုံးတာတွေကို ဝေဖန်မှုတွေရှိပေမယ့် ၀ တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကတော့ ဒါတွေဟာ ဝ ဒေသရဲ့ ဥပဒေအတိုင်း ဆောင်ရွက်နေ တာဖြစ်ပြီး မထူးဆန်းဘူးလို့ ဆိုပါတယ်။

nyirang-350.jpg

"ဒါကတော့ အစဉ်အလာထဲကိုက ဒါမျိုးပဲကိုင်တွယ်နေတာပဲ၊ လက်ရှိ ဝပြည်နယ်မှာ တည်ဆဲဥပဒေရှိနေတာပဲ၊ ဒါက ကျနော်တို့ ဝ ပြည်မှာ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ကျင့်သုံးနေတဲ့ ဥပဒေအရ ကိုင်တွယ်နေတာပဲ၊ ဒါတွေက မထူးဆန်းပါဘူး"

ဝ ဒေသနဲ့ မိုင်းလား ဒေသဟာ ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း အထူးဒေသတွေအဖြစ် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင် တပ်မတော်နဲ့ ကိုယ်ပိုင်အုပ်ချုပ်မှု ပုံစံအတိုင်း ခွင့်ပြုပေးထားတာဖြစ် ပါတယ်။

ဝဒေသမှာ အထူးဒေသ နှစ်ခု၊ ခရိုင်လေးခုနဲ့ ဖွဲ့စည်းထားတာဖြစ်တယ် လို့ သိရပါတယ်။

အစိုးရရုံးဆိုလို့ ကျန်းမာရေးနဲ့ ပညာရေးအခြေစိုက်ရုံးတွေသာထား ရှိပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်မှု ပုံစံနဲ့ရှိနေတာပါ။ ဝ ဒေသရဲ့ တရားစီရင်မှုကတော့ ပြင်းထန်ပါတယ်။ သြဂုတ်လက ဒေသအတွင်း လက်နက် ခဲယမ်းရောင်းဝယ်တယ်ဆိုတဲ့ ဝတိုင်းရင်းသား တပ်သားတစ်ဦးကို ဝဒေသ အမြင့်ဆုံးတရားရုံးကနေ သေဒဏ် ချမှတ်လိုက်တဲ့နေ့မှာပဲ သေနတ်နဲ့ ပစ်သတ်စီရင်လိုက်တယ်လို့ ဦးညီရမ်းက ပြောပါတယ်။

"ဝ" ဒေသမှာ မြို့နယ်၊ ခရိုင်အဆင့် တရားစီရင်ရေး အဆင့်ဆင့် ရှိပြီး အမြင့်ဆုံးကတော့ ပန်ဆန်းမြို့ ပါတီဌာနချုပ်က တရားစီ ရင်ရေးဖြစ်ပါတယ်။

ဒါကတော့ အစဉ်အလာထဲကိုက ဒါမျိုးပဲ ကိုင်တွယ်နေတာပဲ

သေဒဏ်ချမှတ်ခံရတဲ့ တရားခံတွေကိုတော့ အများအားဖြင့် သေနတ်နဲ့ ပစ်သတ်တာဖြစ်တယ်လို့ ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေအနေနဲ့ ရှေ့နေဆိုတာမရှိပါဘူး။ အထူးစုံစမ်းစစ်ဆေးရေးဌာနကနေတဆင့် တရားခံဘက် က အယူခံဝင်နိုင်တယ်လို့ ဆိုပါတယ်။

"ဝ" ဒေသမှာ ပြစ်မှုကျူးလွန်ရင် မြန်မာအစိုးရဝန်ထမ်းဖြစ်ရင် ဒါမှမဟုတ် မြန်မာအစိုးရဘက်က ညှိနှိုင်းတဲ့အမှု ကလွဲရင် ဒေသတွင်းတရားစီရင်ရေးအတိုင်းပဲသွားတယ်လို့ သိရပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး ဝဒေသကို စတင်ထူထောင်စဉ်ထဲက ရေးဆွဲထားတဲ့ ဥပဒေတွေအတိုင်း သေဒဏ် တရားစီရင်မှုကို စတင်ကျင့်သုံးလာတာဖြစ်ပြီး ဒီနေ့အချိန်ထိ သေဒဏ်ချမှတ်ခဲ့တဲ့ တရားခံတွေရဲ့ စာရင်းကိုတော့ မသိရပါဘူး။

ဝဒေသရဲ့ သေဒဏ် တရားစီရင်ရေးဟာ တရုတ်ပြည်တရားစီရင်ရေးနဲ့တူတယ်လို့ ပြောဆိုတဲ့အပေါ် ဝဒေသဟာ ကိုယ်ပိုင်တရားစီရင်ရေးနဲ့ ရပ်တည်နေတာဖြစ်တယ်လို့ ဦးညီရမ်းက ငြင်းဆိုပါတယ်။

အဲဒီဒေသ အခြေအနေတွေဟာ ယခင်စစ်အစိုးရလက်ထက်ကတည်းကအတိုင်းပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောပါတယ်။maungmaungsoe-350.jpg

"ဝတပ်ဖွဲ့ရော မိုင်းလားတပ်ဖွဲ့ရော သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နေရာ မှာ အုပ်ချုပ်နေတာကြာလှပြီဗျ၊ နှစ် ၃၀ ကျော်သွားပြီပေါ့၊ ဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ တရားစီရင်မှုရော ဘာရော အားလုံးဟာ သူတို့ပဲ သူတို့ဘာသာ လုပ်ကြတာပဲ၊ လုပ်ပိုင်ခွင့်ရှိတာ မရှိတာထက် သူတို့မှာ လုပ်ခွင့်ရှိတယ်လို့ပဲ ပြောရပါလိမ့်မယ်"

နဝတ အစိုးရလက်ထက်မှာ ခွင့်ပြုခဲ့တာဟာ အဲဒီကာလမှာ တရားဝင် တယ်လို့ဆိုရပေမယ့်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် မဝင်က မေးခွန်းထုတ်ရမှာဖြစ်ပြီး လတ်တလောမှာတော့ ဝင်ရောက် ထိန်းချုပ်ခွင့်မရှိဘူးလို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရား ရုံးတွေမှာ အပ်နှင်းထားတဲ့ ဥပဒေအတိုင်း လုပ်ဆောင်ရမှာဖြစ်ပြီး အပြိုင်တရားစီရင်ရေး၊ ကိုယ်ပိုင်ဥပဒေနဲ့ စီရင်ခွင့်တို့ကို ပေးမထားပါဘူး။

မြန်မာနိုင်ငံမှာပြဌာန်းထားတဲ့ ဥပဒေတွေအရ မူးယစ်ဆေးဝါးအမှုတွေကို သေဒဏ်ချမှတ်တာမျိုး မရှိပေမယ့် မူးယစ်ဆေးဝါးနဲ့ လက်နက်တွဲပါတဲ့အမှုတွေကို သေဒဏ်ချမှတ်လေ့ရှိပါတယ်။

လက်နက်ရောင်းဝယ်ဖောက်ကားမှုတွေမှာ လက်နက်အရေးပေါ်အက်ဥပဒေအရဆိုရင် သေဒဏ်ချမှတ်နိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ခံရသူတွေကို ကြိုးပေးစီရင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်ကနေ ဒီနေ့အချိန်ထိ ကြိုးပေးစီရင်ချမှတ်တာတွေ မရှိသေးဘူးလို့ တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

မန္တလေးက တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဝ ဒေသ တရားရုံးတွေမှာ ဘယ်လိုဥပဒေတွေကို လိုက်နာတယ်၊ စစ်ဆေးတဲ့သူတွေက ဘယ်လိုအရည်အသွေးရှိတယ်ဆိုတာ မသိရကြောင်း၊ ကိုယ့်ဒေသ ကိုယ်လုပ်တယ်ဆိုတဲ့သဘောဖြစ်နေကြောင်း  ပြောပါတယ်။theinthanoo-350.jpg

"သူတို့ တရားဥပဒေမှ ကျနော်တို့ မသိရတာ၊ ထူထောင်ထားတဲ့ တရားရုံးတွေက ဘယ်လိုဥပဒေတွေကို လိုက်နာတယ်၊ စစ်ဆေးစီရင် တဲ့သူတွေက ဘယ်လိုအရည်အသွေးတွေရှိတယ် ဒါမှမသိရတာ၊ အဲဒါတွေကို သိခွင့်မရတော့ ဘယ်ပြောနိုင်ပါ့မလဲ၊ သူတို့တရား ဝင်တယ် မဝင်ဘူးဆိုတာ ကိုယ့်ဒေသကိုယ်လုပ်တယ်ဆိုတဲ့ သဘောဖြစ်နေတာ"

UWSA နည်းတူ တခြားလက်နက်ကိုင်အဖွဲ့တွေကလည်း သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ သူတို့ရဲ့ တရားစီရင်ရေးစနစ် ရှိနေပါတယ်။ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ သာမန်အရပ်သားတွေကိုသာ စစ်ဆေးတဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး အစိုးရအဆက်ဆက်နဲ့ ပြဿနာ မဖြစ်ခဲ့ပါဘူး။

UWSA က ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်လွန်းဒေသမှာ မြန်မာနဲ့ ထိုင်းနိုင်ငံသားတချို့ပါဝင်တဲ့ မူးယစ်ဆေး ကုန်ကူးသူ  ၅၀ ကျော်ကို သြဂုတ်လအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဖမ်းဆီးရမိသူတွေကို လွှဲပြောင်းရယူထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ အောက်တိုဘာ လဆန်းပိုင်း ပစ်ခတ်ဖမ်းဆီးခဲ့တယ်ဆိုတဲ့ ၁၇၁ ဒေသဟာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနယ်နမိတ်ထဲမှာ မပါဝင်ကြောင်း၊ ဖမ်းဆီးရမိတယ်ဆိုတဲ့သူတွေကို လွှဲပြောင်းပေးတာ မရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ဇော်ခင်အောင် က ပြောပါတယ်။

"၁၇၁ ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ မပါဘူး။ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်နဲ့ သူတို့ တရားခံတွေ ဖမ်းဆီးရမိတယ်ဆိုတာတော့သိတယ်။ ရဲတပ်ဖွဲ့ကို ဘာမှ ဆက်သွယ်ပြီး အကြောင်းကြားလာတာ မရှိသေးပါဘူး။ လွှဲမယ်လို့တော့ ပြောတယ်။ သူတို့ကို လောလောဆယ် အဲမှာ နေရာချထားပေးတဲ့အတွက်ကြောင့် သူတို့ရဲ့ တပ်စခန်းတွေရှိတယ်ဆိုတော့၊ သူတို့ကင်းပုန်းအဖွဲ့နဲ့ တွေ့ရင်တော့ တိုက်ပွဲဖြစ်မှာပဲ"

အောက်တိုဘာ ၆ ရက်နေ့မှာလည်း ၁၇၁ ဒေသအတွင်း  ကင်းလှည့်ရာမှာ ဝမ်ဟုန်မြို့အတွင်း ဘိန်းဖြူ ၂၁ ဒသမ ၅ ကီလိုဂရမ်၊ ဘိန်းစိမ်း ၃ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်၊ မူးယစ်ဆေးပိုင်ရှင်ကတော့ ထွက်ပြေးသွားတယ်လို့ ဒီနေ့မှာ ထပ်မံသတင်းထုတ်ပြန်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက UWSA မှာ ဖမ်းဆီးပိုင်ခွင့် ရှိမရှိ ဆိုတာကို အငြင်းမပွားလိုပေမယ့် နိုင်ငံသားတိုင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကာကွယ်တားဆီးဖို့ မူလတာဝန် ရှိတယ်လို့ ပြောပါတယ်။zawmintun-350.jpg

"ဖမ်းဆီးပိုင်ခွင့်ရှိတာတွေ မရှိတာတွေ အငြင်းမပွားလိုပါဘူး။ အရင်တခါကတော့ ဖမ်းဆီးခဲ့တာတွေ ပြန်လည်အပ်နှံခဲ့တာရှိတယ်။ ကျနော့်အမြင်ပြောရမယ်ဆိုလို့ရှိရင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသူနိုင်ငံသားတစ်ယောက်မှာ ကာကွယ် တားဆီးဖို့ မူလတာဝန်ရှိတယ်။ မူလတာဝန်အတိုင်း ဆောင်ရွက်တာ ဆိုရင်တော့ ဘာမှပြောစရာမရှိပါဘူး"

UWSA ကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဝပြည်နယ်လို့ သုံးနှုန်းပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ဒေသ ဖွံဖြိုးတိုးတက်မှုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ အားကျနေတာ တွေ့ရမှာပါ။

တအာင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA ကလည်း ဝ ဦးဆောင်မှုနောက်ကို လိုက်မယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကကျင်းပခဲ့တဲ့ ဝဒေသ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးအခမ်းအနားပွဲမှာ ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ဝဒေသကို အားကျကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

AA  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မူးယစ်ဆေးဝါးဂိုဏ်းဝင်တွေကို ဝတပ်ဖွဲ့ နှိမ်နင်းတာဟာ လုပ်သင့်တဲ့အလုပ်ကို လုပ်တာလို့ မြင်ကြောင်း ပြောပါတယ်။khinethukha-350.jpg

"မူးယစ်ဆေးဝါးကတော့ ပြည်သူလူထုကို ဘာမှအကျိုးမပြုတဲ့ ဥစ္စာကို လုပ်တဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးတာကတော့ လုပ်ရ မှာပေါ့ဗျာ။ ပြေးရင် ပစ်ခတ်ဖမ်းဆီးရမှာပေါ့ ဒါကတော့ သဘာဝပဲ။ အဲဒီလို မူးယစ်ဆေးဝါး ပပျောက်အောင်လုပ်တဲ့ကိစ္စကို ကျနော်တို့ ထောက်ခံတာပေါ့ အကောင်းမြင်ပါတယ်"

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်တဲ့ TNLA, AA, NMDAA, KIA တပ်ဖွဲ့တွေဟာ ဝ တပ်ဖွဲ့နဲ့ နီးစပ်မှုရှိတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ လူအင်အား လက်နက် အင်အား အကောင်းဆုံးဖြစ်တဲ့ UWSA ဟာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ထိုးနိုင်ဖို့အတွက် အစိုးရနဲ့ ညှိနှိုင်းဆဲအဆင့်မှာပဲ ရှိပါသေးတယ်။

(RFA သတင်းထောက် မဝေယံမိုးမြင့် စုစည်းတင်ပြသည်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့